Saturday 8 October 2016

ကြက်အသည်း ဆီပြန်ဟင်း


ကြက်အသည်းတွေ ၀ယ်ထားပြီး သုပ်စားရင် ကောင်းမလား ပြုပ်ပြီးအချဉ်လေးနဲ့စားရင် ကောင်းမလား စဉ်းစားရင်းက ဆီပြန်လေးဘဲ ချက်ဖြစ်သွားပါတော့တယ် ကြက်အသည်းက မချက်တတ်ရင် အင်မတန် ညှီတဲ့အတွက် ဟင်းခတ်အမွှေးအကြိုင် များများများသုံးဖို့တော့ လိုပါတယ် ။

ပါဝင်ပစ္စည်းများ

  • ကြက်အသည်း - 500g
  • ကြက်သွန်နီ - အနေတော် တလုံး 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • လေးညှင်း - တပွင့်
  • ဖာလာစေ့ - တခု
  • စမုံစပါး - ၁၀စေ့ခန့်
  • ကရဝေးရွက် - တရွက်
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - တလက်မခန့်
  • ပျဉ်းတော်သိမ်းရွက် - ၃ခက်ခန့်
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ်ရန်နှင့် ကြက်အသည်း အရသာနယ်ရာတွင် တ၀က်စီ ခွဲသုံးပါ)
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်

ပြင်ဆင်ပုံ
  • ကြက်အသည်းကို ကြက်အသည်းနှင့်ကပ်နေသော သည်းခြေအိတ်ကိုထုတ်ပြီး ရေဆေးပေးပါ
  • ကြက်သွန်အဖြူ အနီ စမုံစပါး ချင်း စပါးလင် ငရုတ်သီးမှုန့် တို့ကို ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဇောက်နက်သော အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကိုထည့်ပြီး ငရုတ်သီးထောင်းထားသော အနှစ်များနှင့်အတူ ကရဝေးရွက် လေးညှင်းပွင့်နှင့် ဖာလာစေ့ကိုထည့်ကာ ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အသည်းကို ထည့်မွှေပေးပါ
  • ဆီသတ်နေစဉ် ထွက်လာသော အရည်များ ခမ်းကာနီးအထိ မကြာ မကြာ အိုးကိုလှုပ်ပေးပါ
  • အရည်များ ခမ်းပြီး ကြက်အသည်းများ အရောင်ပြောင်းလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ဆီပြန်ကာနီး ရေနည်းနည်းကျန်ချိန်မှာပျဉ်းတော်သိမ်းရွက်နှင့်  မဆလာအုပ်ပြီး အရသာမြည်းပါ
  • အရသာကို လိုအပ်သလို ပြင်ပေးပြီး ဆီပြန်လာပါက ကြက်အသည်း ဆီပြန်ဟင်း မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment