Wednesday, 19 October 2016

ငါးနီတူ အစပ်ကြော်



ဒီနေ့တော့ အေးရှန်းဆိုင် တဆိုင်ကိုသွားတာ မြန်မာပြည်က ငါးနီတူခြောက်လေးတွေ ရလာခဲ့တယ် ခပ်စပ်စပ်လေးကြော်ပြီး စားချင်စိတ်လေး ပေါ်လာတာကြောင့် ခဝဲသီးဟင်းချိုလေးချက်ကာ ထမင်းမိန်စေမဲ့ ငါးနီတူခြောက်ကြော်လေး ကြော်ဖြစ်သွားလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးနီတူခြောက် - 300 g
  2. ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  3. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၅ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  5. ဆီ - 500 ml

ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပြီး ချေထားပါ
  • ငါးနီတူခြောက်က်ကို ခေါင်းများဖြုတ်ပေးကာ ရေများများထဲမှာ လှုပ်ပြီးဆေးကာ ရေစစ်ထားပေးပါ
  • ငရုတ်သီးမှုန့်ကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ကြက်သွန်နီများ ကြော်လို့လွယ်စေရန် အနည်းငယ် ချေပေးထားပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးအနည်းငယ် လျှော့ပေးပြီး ကြက်သွန်နီကို ထည့်ကြော်ပါ
  • ရွှေဝါရောင် စသန်းလာတာနဲ့ မီးကိုအနည်းငယ်လျှော့ကာ ကြက်သွန်နီကို အနည်းငယ် ကြွတ်လာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်များ ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီး ဇကာထဲထည့်ကာ ဆီစစ်ပေးပါ
  • ထိုဆီပူထဲမှာဘဲ မီးကိုအနေတော်ထားပြီး ငါးခြောက်များကို ရွှေအိုရောင် ဖြစ်လာတဲ့အထိ မွှေကြော်ကြော်ပေးပါ
  • ရွှေအိုရောင် အရောင်ပြောင်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီအနည်းငယ်သာ ချန်ထားပြီး မီးကို အောက်ဆုံးအထိ လျှော့ပေးကာ ငရုတ်သီးလုံးခြမ်းကွဲ အမှုန့်ကိုထည့်ပြီး မွှေပေးပါ မီးများလျှင် ငရုတ်သီးများ မည်းသွားတတ်တဲ့အတွက် မီးကိုအကုန်လျှော့ပြီးမှ ငရုတ်သီးကို သတိထားပြီး ကြော်ပေးကာ ဆယ်ပေးထားပါ
  • ငါးခြောက်ကြော်များ အေးသွားမှ အအေးခံထားသော ငရုတ်သီးကြော် ကြက်သွန်နီကြော်တို့နှင့် ရောမွှေကာ ထမင်းပူပူလေးနှင့် သုံးဆောင်ရန် ခဝဲသီးဟင်းချိုနှင့် တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။

No comments:

Post a Comment