Monday 17 October 2016

ကန်စွန်းဥကြော်



ကန်စွန်းဥမှာ Vitamin A, B, နှင့် E စသည်တို့ ပါဝင်တဲ့အတွက် လူသားတို့ရဲ့ ကျန်းမာရေးကို များစွာမှ အထောက်အကူပေးတဲ့ သဘာဝ အသီးအနှံတခု ဖြစ်တယ်လို့ ဆိုကြပါတယ်။
ကန်စွန်းဥမှာ  ရွှေဝါရောင် ငချိတ်ရောင် အဖြူဖျော့ဖျော့ရောင်တို့ ရှိကြပြီး ကန်စွန်းဥတင် မဟုတ်ဘဲ ကန်စွန်းရွက် ကန်စွန်းအညွန့် အားလုံးတို့ကလည်း ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်

ကန်စွန်းဥရဲ့ကောင်းကျိုးများကို 
ဆရာစောနွဲ့နေဆိုင် ပူတာအိုက အခုလိုဖော်ပြထားပါတယ်


(၁) အစာအိမ်နှင့် အူလမ်းကြောင်းတို့ကို အားကောင်းစေသည်။
(၂) မျက်စိနှင့်အမြင် အာရုံကြောများကို အားကောင်းစေသည်။
(၃) အာဟာရပြည့်ဝ၍ ခန္ဓာကိုယ်နှင့်ဦးနှောက်တို့ကို ဖွံ့ဖြိုးစေသည်။
(၄) နှလုံးကို အားကောင်းစေသည်။
(၅) ကိုယ်ခံအားမြင့်စေ၍ ပြင်ပမှ ကူးစက်ရောဂါများကို ကာကွယ်ပေးသည်။
(၆) ဗီတာမင်ဓါတ်များနှင့်သံဓါတ်များပြည့်ဝသည်။ ၀မ်းချုပ်ခြင်းမှ ကင်းဝေးစေသည်။
(၇) အဆုတ်၏ လုပ်ဆောင်မှုများကို အားကောင်းစေသည်။
(၈) အသည်းကို သန့်စင်ပေးကာ 
အဆီကို ကျစေသည်။
(၉) သွေးထဲမှ သကြားဓါတ်ကို ထိန်းညှိပေးကာ သွးပေါင်း မှန်စေသည်။
(၁၀) ဖိုက်ဘာဓါတ်ပြည့်ဝ၍ အစာကြေလွယ်စေပြီး ခွန်အားကို ဖြစ်စေသည်။
(၁၁) အစားအစာထဲမှ မလိုအပ်သော အဆီဓါတ်များကို စုပ်ယူပေးသည့်အတွက် အ၀လွန်ရောဂါကို ကာကွယ်ပေးသည်။
(၁၂) သဘာဝအသီးအနှံဓါတ် ပြည့်ဝ၍ အသားအရေကို စိုပြေလှပစေသည်။ 

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကန်စွန်းဥရဲ့ကောင်းကျိုးလေးတွေ ပြန်လည်ဝေငှပေးရင်း ကန်စွန်းဥကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်


ပါဝင်ပစ္စည်းများ

  • ရွှေကန်စွန်းဥ - အလုံးကြီးကြီး သုံးလုံး
  • ထုံး - လက်ဖက်ရည်ဇွန်း တ၀က်
  • ရေ  - ၂လီတာခန့်
  • ဆီ - လီတာဝက်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ပြင်ဆင်ပုံ


  1. ထုံးကို အရည်ဖျော်ပြီး တညသိပ်လောက်ထားကာ အရည်ကြည်ကို ယူပါ
  2. ကန်စွန်းဥကို အခွံခွာကာ ဓါးနဲ့လက်တလုံးလောက်လေးတွေ ပုံပါအတိုင်း လှီးပေးပါ
  3. အားလုံးလှီးပြီးရင် ထုံးရည်ကြည်နဲ့ နာရီဝက်လောက် စိမ်ပေးပါ
  4. ထုံးအဆင်သင့် မရှိပါက ဒီအတိုင်းဘဲ ကြော်ပေးပါ
  5. ထုံးရည်ကြည် စိမ်ထားချိန် နာရီဝက်လောက် ပြည့်တာနဲ့ကန်စွန်းဥများကို ဆယ်ပြီး ရေစစ်ထားပါ
  6. ရေစစ်တာနဲ့ ဆားနှင့်အရသာ နယ်ပေးပါ

  7. ဇောက်နက်တဲ့ အိုးကို အပူပေးပြီး ဆီ လီတာဝက်လောက်ထည့်ကာ အပူပေးပါ
  8. ဆီပူလာတာနဲ့ ကန်စွန်းဥကို အရည်စစ်ပြီး အနေတော် နည်းနည်းခြင်းယူကာ ဆီအိုးထဲထည့်ပြီး ကြော်ပေးပါ
  9. အကျက်ညီအောင် မကြာမကြာမွှေပေးပါ
  10. ကန်စွန်းဥများ ကြွတ်ရွလာပြီး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပေးပါ
  11. ကန်စွန်းဥ ကုန်တဲ့အထိ ကြော်ပေးပြီး ကန်စွန်းဥကြော်များကို ဆီစစ်ရင်း အအေးခံထားပါ
  12. အအေးခံထားသော ကန်စွန်းဥကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို သရည်စာအဖြစ် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
  13. ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်သလို အအေးနဲ့လဲ လိုက်ဖက်လွန်းတဲ့ အကြော်မွှေးမွှေးလေးဖြစ်တဲ့အတွက် အားလပ်တဲ့အခါ ကြော်စားကြည့်စေချင်ပါတယ်
  1. ကန်စွန်းဥ ခပ်ကြီးကြီး သုံးလုံးဆိုရင် အများကြီးရတဲ့အတွက် တခါထဲ မကုန်နိုင်ပါက စားနိုင်သလောက်ကိုဘဲ အကျက်ကြော်ကာ ကျန်နေသော ကန်စွန်းဥများကို အကုန်လုံး ကျက်ကုန်အောင် မကြော်ဘဲ နွမ်းတယ်ဆို ရုံလေးကြော်ကာ အအေးခံ၍ အိတ်လေးများနှင့်ထည့်ကာ ရေခဲသေတ္တာအပေါ်ထပ်မှာ ခဲထားပြီး စားကာနီးအောင် ကျက်အောင်ပြန်ကြော်ပေးပြီး ကြော်စားနိုင်ပါတယ်။ 

2 comments:

  1. လုပ်စားကြည့်မယ်မမရေ

    ReplyDelete
  2. ကြော်စားကြည့်နော်

    ReplyDelete