Sunday, 23 October 2016

ဂဏန်းအပျော့ဟင်း












နေ့တော့ ဂဏန်းစားချင်တာနဲ့ ပင်လယ်စာ ရောင်းတဲ့ဆိုင်ကို သွားဝယ်ပါတယ် သေသေချာချာ ကြည့်လိုက်တော့မှ မြန်မာပြည်ကလာတဲ့ ဂဏန်းအရည်ပျော့လေးတွေ ဖြစ်နေပါတယ် အင်မတန်မှ ဈေးပြီးသော်လဲ စားချင်တာနဲ့ မျက်စေ့မှိတ်ပြီး ဝယ်လာခဲ့ပါတယ်။

ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ပေါင်မုန့်အဖြူထည်လေးနဲ့ စားရင်လဲ စားလို့ အရမ်းကောင်းလွန်းတဲ့ ဂဏန်းမလာဟင်းလေး ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဂဏန်းအပျော့ - ငါးကောင်
  2. ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ 
  4. ကြက်သွန်နီ - အနေတော် တစ်ဥ 
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. မန်ကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း   (သို့မဟုတ်) 
  9. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  10. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ  
  13. မဆလာ - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဂဏန်းအကောင်များကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများ ဖယ်ပေးပါ
  • အခွံများ ခွာထားသော ဂဏန်းကို အကောင်ကြီးပါက အလယ်မှနေ၍ ထက်၀က်ပိုင်းပေးပါ
  • ဂဏန်းရဲ့ လက်မများကို သစ်သားကျည်ပွေ့နှင့် ကွဲအက်သွားအောက် ခပ်ဖွဖွ ထုပေးပါ
  • သန့်စင်ထားသော ဂဏန်းများကို ဇလုံတစ်ခုထဲထည့်ပြီး ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို သုံးပါက ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူလေးနှင့် စိမ်ထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးကိုအပူပေးပါ အိုးပူလာတာနဲ့ ဆီကိုထည့်ပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးကာ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဂဏန်းကို ထည့်ပေးပါ
  • အထက်အောက် သမအောင် သုံးချက်လောက် မွှေပေးပြီး အိုးအဖုံးကို ခနပိတ်ထားပါ
  • ဂဏန်းများ အရောင်ပြောင်းလာတာနဲ့ ဆီသတ်နာစေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပြီ ဆိုတော့မှ ပဲငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းနှင့် ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  • ရေမခမ်းခင် မန်ကျည်းသီးမှည့် အနှစ်နှင့် မဆလာထည့်၍ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
  • မန်ကျည်းမှည့် အနှစ်ကို မသုံးဘဲ ရေနွေးစိမ်ထားတာ သုံးရင်တော့ မန်ကျညါးသီး အနှစ်များ ထွက်လာအောင် နယ်ပေးပြီး အဖတ်များ ဖယ်ပေးကာ အရည်ကိုဘဲ အိုးထဲထည့်ပေးပါ
  • အရသာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေး၍ ရေခမ်းလာတာနဲ့ တောချက် ဂဏန်းမဆလာဟင်း မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

1 comment:

  1. အကုန်လှန်လှောပြီးအားရပါးရစားသွားတယ်မမာရေ။
    အိုင်အိုရာ

    ReplyDelete