Tuesday 25 October 2016

​ဆိတ်သားအာလူးဟင်း


ဆိက်သားဝယ်လေတိုင်း ဆိတ်သားက အသားကောင်းကောင်း မရတာ များပါတယ် ၀ယ်လို့ရလာတဲ့ အသားထဲကမှ အသားကောင်းတာလေးတွေ ရွေးယူပြီး ချက်တန်ချက် ကြော်တန်ကြော်ဖို့ ဖယ်ထားပြီး အသားမှာ ကပ်ပါနေတဲ့ အရွတ်တွေ ပါတဲ့နေရာကို ဖယ်ထားကာ အခုလို ခရမ်းချဉ်သီး များများနဲ့ အရည်သောက်ဆမ်း ချက်ရင်တော့ အင်မတန်မှ စားလို့ကောင်းပါတယ် ခရမ်းချဉ်သီး အချဉ်ကြောင့် အသားမှာ ကပ်နေတဲ့ အရွတ်တွေကလဲ နူးလွယ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား အသားနှင့်တွဲရက် အရွတ်ပါသောနေရာ - 400 g
  2. အာလူး - အနေတော် သုံးလုံး
  3. ခရမ်းချဉ်သီး - အလုံးကြီးကြီး သုံးလုံး
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ချင်း - လက်တစ်ဆစ်ခန့်
  7. စပါးလင် - လက်နှစ်ဆစ်ခန့်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( တစ်ဝက်ကို အရသာနယ်ပါ )
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တစ်ဝက်ကို ဟင်းအရသာနယ်ပါ)
  11. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဆိတ်သားများကို သံပုရာရည်နှင့် နယ်ဆေး၍ ရေဆေးပြီးမှ အနေတော်လေးတွေ တုံးထားပါ
  • တုံးထားသော အသားများကို နနွင်းမှုန့် ဆား အချိုမှုန့်တို့နှင့် နယ်ပြီးနှပ်ထားပါ
  • ချင်း စပါးလင် ကြက်သွန်ဖြူ  ကြက်သွန်နီတို့ကို ငရုတ်သီးမှုန့်နှင့် ညက်အောင်ထောင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် တုံးပေးပြီး ရေစင်အောင်ဆေး၍ ရေစိမ်ထားပါ
  • ခရမ်းချဉ်သီးများကို ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ဆိတ်သားအရသာနယ်ကို လှီးထားသော ခရမ်းချဉ်သီး ငရုတ်သီးထောင်းနှင့် ရောနယ်ပြီး ဆား အချိုမှုန့် ဆီနှင့် ရေအနည်းငယ်ထည့်ကာ လုံးချက်ချက်ပေးပါ
  • ရေခမ်းကာနီး ဟင်းလုံးမိပြီဆိုမှ အိုးအဖုံးဖွင့်ပြီး မွှေပေးကာ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့အထိ တည်ပေးပါ
  • ဆိတ်သားမှာ ကပ်ပြီးပါနေတဲ့ အရွတ်များ ပါတဲ့အတွက် အရွတ်များ မနူးသေးရင် ရေထပ်ထည့်ပြီး တည်ပေးပါ
  • အသားမနူးသေးခင် နောက်ဆုံးတကြိမ် ရေထပ်ထည့်ချိန်မှာ အာလူးကို တခါထဲထည့်ပေးပါ
  • အာလူးနှင့်အသား နူးပြီဆိုပါက အရသာမြည်း၍ လိုသလိုပြင်ကာ ဆီလည်ရေလည် အရည်သောက်ဆမ်းလုပ်ရန် မီးပိတ်ပေးပါ
  • ဆိတ်သားအာလူး ခရမ်းချဉ်သီး အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment