Wednesday 19 November 2014

လမ်းသရဲမုန့်






ဒီနေ့တော့ အပျင်းပြေ လမ်းသရဲမုန့်လေး လုပ်စားဖြစ်ကြပါတယ် အိုးသူကြီးက မုန့်လုပ်လိုက် စားမဲ့သူတွေက စားလိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းမို့လို့ ဓါတ်ပုံတောင် အလုအယက် ရိုက်ရတဲ့ အဖြစ်လေးပါ။

စားလို့ကောင်းလွန်းလို့ စားချင်တဲ့အချိန် လုပ်စားနိုင်အောင် မာမာပြင်ဆင်ခဲ့တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (၁၀ ချပ်စာအတွက်)

  1. ဆန်အစိမ်းမှုန့် - 1 cup
  2. ရေ - 3 cups
  3. ဆိုဒါ(baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ဆန်မှုန့်ထဲ ထည့်ဖျော်ရန်)
  5. ပဲပြုပ် - မိမိနှစ်သက်သလောက်
  6. နံနံပင် - မိမိနှစ်သက်သလောက်
  7. မုန်လာဥနီ - အနေတော် တစ်ဥ
  8. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  9. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး
  10. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  11. မဆလာ - အနည်းငယ်
  12. ဆား - အနည်းငယ် ( အသီးအရွက်ထဲထည့်ရန်)
  13. ဆီ - လိုသလောက်

ပြင်ဆင်ပုံ

  1. ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ဆန်မှုန့် ရေ ဆိုဒါနှင့် ဆားတို့ကို ထည့်ပေးပြီး အရည်ပျော်အောင် ဖျော်ထားပေးပါ
  2. ဆိုဒါမှုန့် မရှိလျှင် မုန့် နှစ်ရည်ကို အနည်းဆုံး ၅နာရီခန့် နှပ်ထားပေးပါ(မာမာကတော့ ဆိုဒါမကြိုက်တဲ့အတွက် မုန့်နှစ်ရည်ကို ကြိုစပ်ပြီး ဖောက်ထားပါတယ်)
  3. ဆိုဒါထည့်ပြီး မုန့်နှစ်ရည်ကို ဖောက်ထားပါက မုန့်လုပ်ပါက မုန့်သားက ပိုပြီးကြွတ်လွယ်ပါတယ်
  4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  6. ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  7. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  8. မုံလာဥနီကို အခွံခွာပြီး အမျှင်လေးများရအောင် ခြစ်ပေးထားပါ
  9. ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  10. ဆီ ဆား မဆလာနှင့် ပဲပြုပ်တို့ကို ပြင်ထားပေးပါ
  11. အာက်ချေမကပ်တဲ့ ဒယ်ပြားကို မီးဖိုပေါ်တင်ကာ အပူပေးပါ
  12. ဒယ်ပြားပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပါ
  13. ပြီးတာနဲ့ ဆီထမင်းစားဇွန်း တစ်ဝက်သာသာကို ဒယ်ပြားထဲ ထည့်ပေးပါ
  14. ဆီပူလာတာနဲ့ အိုကိုကိုင်းမှကိုင်ပြီး ဆီကိုဖြန့်ပေးပါ
  15. ဆီပူလာတာနဲ့ မုန့် ရည်ကို ယောက်ချိုဇွန်းနှင့် သမအောင် မွှေပေးပါ
  16. အထက်အောက် သမသွားတာနဲ့ မုန့်နှစ်ကို ယောက်ချိုဇွန်း အပြည့်ခပ်ပေးပါ
  17. ခပ်ပြီးတာနဲ့ ဒယ်ပြားထဲကို လောင်းချပြီး ဒယ်အိုးလက်ကိုင်ကိုင်းမှကိုင်ကာ မုန့်နှစ်များ အိုးအပြည့် ပြန့်သွားအောင်ဝေ့ဝိုက်ပြီး ဖြန့်ပေးပါ
  18. မုန့်နှစ်များ ဒယ်အိုးအပြည့် ပြန့်သွားတာနဲ့ မုန့်နှစ်အပေါ်ကို ဆီနည်းနည်း သုတ်ပေးပြါ
  19. ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော မုံလာဥနီ ဂေါ်ဖီ ပဲပြုတ် ခရမ်းချဉ်သီး နံနံပင် နှင့် ငရုတ်သီးစိမ်းတို့ ကို ထည့်ပေးပါ
  20. အသီးအရွက်များ အပေါ်မှ ဆားအနည်းငယ်နှင့် မဆလာ အနည်းငယ်ကို ဖြူးပေးပြီး အိုးအဖုံးကို မိနစ်ဝက်လောက် အုပ်ပေးထားပါ
  21. မုန့်လုပ်နေစဉ် မီးကိုသတိထားပါ မီးအရမ်းများပါက အောက်ဖက်ပိုင်း ကျွမ်းလွယ်ပါတယ်
  22. မုန့်သားများ ကျွတ်လာမှ အသီးအရွက်များကို အုပ်မိအောင် ခေါက်တင်ပေးပါ
  23. ပြီးတာနဲ့ ပန်းကန်ပြားထဲ ပြောင်းပြီးထည့်ပေးပါ
  24. အထက်ပါ နည်းအတိုင်း မုန့်နှစ်ရည် ကုန်တဲ့အထိ လုပ်ပေးပါ
  25. မုန့်တစ်ခု ထပ်လုပ်တိုင်း ဒယ်အိုးကို ဆီမထည့်ခင် ဒယ်အိုးသန့်သွားအောင် paper towelနှင့် သုတ်သုတ်ပေးပါ
  26. ရေမုန့် လို့ခေါ်တဲ့ လမ်းသရဲမုန့် ပူပူကြွတ်တ်ကြွတ် စပ်စပ်မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

6 comments:

  1. ဒီကတစ်ချပ်ဝင်လုစားသွားပါတယ် :P :P

    ReplyDelete
  2. နန်းလဲ တအားကြိုက်လွန်းလို့ ကလေးတွေနားက အတင်းဝင်လုစားသွားတယ်။ မာမာပြောတော့လဲ လွယ်လိုက်တာ အိမ်ကဆန်မှုန့်တွေ ဘာလုပ်စားရမလဲလို့ စဉ်းစားနေတာ လမ်းသရဲမုန့်လုပ်စားမယ်။ ဒီတပါတ် နှစ်ရက်ပိတ်တာနဲ့ အတော်ပဲ။ ကျေးဇူးပါ

    ReplyDelete
  3. ငါးဖယ်​၊ ဆီထမင်း၊ လမ်းသရဲ မုန်​ . အားလုံး ကို တဝကြီး စားသွားပါတယ်​ အစ်​မ​ရေ .... (^_^)

    ReplyDelete
    Replies
    1. စားပါ ညီမလေးရေ

      Delete
  4. လမ်းသရဲမုန့်တဲ့လား....တီတင့်လုပ်မစားဖူးသေးဘူး။ ကြည့်ရတာခေါက်မုန့်ပုံစံပဲနော်...ထည့်တဲ့အမယ်တွေတော့ကွာတယ်။

    ReplyDelete
    Replies
    1. အရသာလဲ မတူဘူး တီတင့် လုပ်စားကြည့်နော်

      Delete