Saturday 22 November 2014

ဖရဲခွံ ချဉ်ရည်ဟင်း


ဒီနေ့တော့ မနေ့ကစားတဲ့ ဖရဲသီးအခွံလေးတွေကို ချဉ်ငံစပ် ချဉ်ရည်ဟင်းလေး ချက်လိုက်ပါတယ် ဒီဟင်းလေးက ထမင်းကိုမြိန်စေသလို အရည်သောက်ဆမ်းလေး လုပ်ပြီးသောက်လိုက်ရင်လဲ ချဉ်ငံစပ်လေးမို့ ခံတွင်းလိုက်စေတဲ့ ဟင်းရည်လေးပါ။

ဖရဲသီးခွံ ချဉ်ရည်ဟင်းကို မာမာ ကျန်ခဲ့တဲ့ ၁၉နှစ်လောက်က ကရင်ပြည်နယ် ကော့ဘိန်းတိုက်နယ်ဆေးရုံမှာ နေခဲ့စဉ် အချိန်ကစပြီး စားဖူးခဲ့သလို မကြာမကြာလဲ ချက်ဖြစ်ပါတယ် ငပိရည်နဲ့တွဲပြီးတို့စားတဲ့ တို့စရာအဖြစ်လဲ ဖရဲသီးအခွံကို နှစ်သက်ခဲ့အတွက် ဒီနေ့တော့ ချဉ်ရည်ဟင်းချက်ည်းလေး မျှဝေလိုက်ပါတယ်။

လိုအပ်တာလေးတွေပြောပါမယ်

  1. အစိမ်းရောင် အခွံခွာပြီး လက်နှစ်လုံးသာသာ အနေတော် လှီးထားသော ဖရဲသီးခွံ - ဟင်းပြင်ပန်းကန်အကြီး တစ်လုံးမောက်မောက်
  2. အခွံခွာပြီး ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး နှစ်လုံး
  3. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. မညက်တစ်ညက် ထုထားသော စပါးလင် - အနေတော် နှစ်ပင်
  6. ခေါင်းဖြုတ်ပြီး ကြောမှ အမဲကြောင်း ထုတ်ထားသော ပုဇွန်ထုတ် - ငါးကောင်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်ု တစ်ဇွန်း
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. သံပုရာသီး - တစ်စိတ်
  11. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

ချက်ဖို့ပြင်ပါမယ်
  • ဖရဲသီးအခွံ ဆီ ဆား ကြက်သားမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ ငရုတ်သီးအရောင်တင်မှုန့် ခရမ်းချဉ်သီးတို့ကို အိုးထဲသို့ထဲ့ကာ ခရမ်းချဉ်သီး ကျေအောင်နယ်ပေးပါ
  • ပုဇွန် စပါးလင်နှင့် ရေ အနည်းငယ်ထဲ့ပြီး လုံးချက်ချက်ပေးပါ
  • ရေဆူလာပြီဆိုတာနဲ့ ခပ်ဖွဖွမွှေပေးပြီး ရေ ဟင်းပြင်ပန်းကန် တစ်လုံးစာ ထဲ့ပြီး ရေဆူအောင်ဆက်တည်ပေးပါ
  • အကြာကြီးရေဆူစရာမလိုပါ ရေဆူချိန်ကြာပါက ဖရဲသီးများ ကျေကုန်တတ်ပါတယ်
  • ရေဆူလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ သံပုရာရည်ညှစ်ပြီး ဟင်းအိုးကို မီးပိတ်ပေးပါ
  • အရသာမွှေးမွှေးလေးနဲ့ ချဉ်ငံစပ် ဖရဲသီးသောက်ဆမ်း ချဉ်ရည်ဟင်းလေး ရပါပြီ။



ဟင်းချက်ရန် လိုအပ်သောပစ္စည်း တချို့

ဟင်းချက်ရန်ပြင်ပါမယ်

အရသာနယ်ပြီးရေအနည်းငယ်ထဲ့ကာ တည်ပေးပါ

ချဉ်ငံစပ် ဖရဲသီးခွံ ချဉ်ရည်ဟင်းရပါပြီ

6 comments:

  1. ဖရဲသီးအခွံနဲ့တခါမှချက်မစားဖူးသေးဘူး။ဒီလိုမျိုးကိုပဲ ရခိုင်မှာ ကျောက်ဖရုံသီး၊သခွားသီး၊တွေနဲ့ချက်စားတယ်။ပုစွန်ကောင်းကောင်းနဲ့ပေါ့။ပြီးရင်ငရုတ်ကြိတ်တစ်ခွက်နဲ့ဆို ထမင်းမြိန်မှမြိန် :)

    ReplyDelete
    Replies
    1. Thu ပြောမှ ငရုတ်ကြိတ်ကို သတိရသွားတယ် ကျေးဇူးပါ Thu ရေ
      ဒီနေ့ အတွက်ပြည့်စုံတဲ့ဟင်းတမယ်ရသွားပြီနော်။

      Delete
  2. ထူးထူးဆန်းဆန်းလေးပဲ..မာမာရေ....ချက်စားကြည့်မယ်။

    ReplyDelete
    Replies
    1. တီတင့်ရေ ချက်စားကြည့်နော် မာမာတော့အရမ်းကြိုက်တယ်

      Delete
  3. အထူးအဆန်းလေးနော် မမမာ..
    တခါမှ ချက်မစားဖုးသေးဘူး ချက်စားဦးမယ်...
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. စားလို့ကောင်းတယ် ဗူးသီးလိုဘဲ ချက်စားကြည့်နော်

      Delete