Wednesday 12 November 2014

ကြက်ဥအာလူး ချဉ်ရည်ဟင်း



ဒီနေ့တော့ မာမာ့သားလေးက ကြက်ဥချဉ်ရည်ဟင်း စားချင်လို့ အေမကို ချက်နည်းလေး လှမ်းမေးပါတယ် သူတို့ရဲ့ ထမင်းဝိုင်းလေးအတွက် သူချက်ထားတဲ့ ကြက်ဥချဉ်ရည်ဟင်းလေး ပုံကိုကြည့်ပြီး သရည်တွေ ကျနေရတာကတော့ ပီတိတွေ အပြည့်နဲ့ ဒီအမေပါဘဲ  ငါးပိရည် တို့စရာ အစုံအလင်နဲ့ထမင်းပွဲ တည်လိုက်လို့ကတော့ ထမင်းဝိုင်းလေးမှာ ချက်မလောက်ဖြစ်မှာ သေချာပါတယ်ရှင်။

သားကြီး ချက်ထားတဲ့ ကြက်ဥချဉ်ရည်ဟင်း ချက်နည်းလေးကို မာမာပြန်ပြီး မျှဝေပေးပါမယ် ကြက်ဥချဉ်ဟင်းရဲ့အရသာကို ပေါ်လွင်စေမဲ့ ဆီသတ်နည်းလေးရယ် ဘယ်အချိန်မှာချက်ချက် ငံပြာရည် ထည့်ချိန်လေးကိုတော့ အားလုံးဘဲ မှတ်ထားသင့်တယ်လို့လဲ ထင်မိပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ရှစ်လုံး
  2. အာလူး - အနေတော် ဆယ်လုံး
  3. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်သာသာ
  6. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း နှစိဇွန်းသာသာ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာထားပြီး ကြက်ဥပါတ်ပါတ်လည်ကို အရှည်လိုက် မွှန်းပေးထားပါ
  • အာလူးကို အခွံခွာပြီး လေးစိတ်စိတ်ကာ ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့အာလူးကိုထည့်ပေးပြီး ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ငါးငံပြာရည်နံ့သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထဲ့ကာ အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးလာတာနဲ့မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့ ကြက်ဥကို ထည့်ပေးပြီး ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။
  • ဒီဟင်းလေးကတော့ စင်္ကာပူနိူင်ငံမှာနေတဲ့ မာမာ့သားကြီး ချက်ထားတဲ့ ဟင်းလေးပါ သူချက်ထားတာလေး စားချင်စရာ အရမ်းကောင်းလို့ သူ့ဟင်းပုံလေးကို ယူသုံးထားပါတယ်ရှင်။

1 comment:

  1. ဘဲဥချဉ်ရည်မွှေးမွှေးလေး စားချင်စရာ မာမာရေ...
    ညကပို့စ်ရေးအပြီး သန်းခေါင်မှာဗိုက်ဆာနေချိန်
    မျက်စေ့ရှေ့ရောက်လာတဲ့ မာမာရဲ့ဟင်းလေးပေါ့ :)

    ReplyDelete