Monday 27 June 2016

ငါးသားလေး အိုကပ်ဆီပြန်ဟင်း


သားကြီးငါးကြီးတွေ မစားချင်တဲ့အခါတိုင်း ခေါင်းတရာသားလေးတွေ ချက်မိပါတယ် ထမင်းစားလို့ အရမ်းမိန်တဲ့အတွက် အကြိုက်ဆုံး ဟင်းတမယ်ဆိုလဲ မမှားပါဘူး ချက်နည်းအရမ်းလွယ်ပေမဲ့ စားမိန်ဟင်းတမယ်မို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးသားလေး - 500 g
  2. ဆီ - စားပွဲတင်ဇွန်းကြီး တစ်ဇွန်း
  3. ကြက်သွန်နီ အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. နံနံပင်( သို့ )ပင်စိမ်း - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. ငါးသားလေးများကို မလိုတာတွေဖယ်ပြီး ရေစင်အောင်ဆေးပြီး ဆား ငါးငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ
  2. ချင်း ကြက်သွန်ဖြူ ကြက်သွန်နီ တို့ကို ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီးထောင်းထားပါ
  3. နံနံပင် သို့မဟုတ် ပင်စိမ်းရွက်ကို ရေဆေးထားပါ
  4. အောက်ခြေမကပ်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  5. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို မွှေးလာတဲ့ထိ ထည့်မွှေပါ
  6. ငရုတ်သီးဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသောငါးကို ထည့်ပြီးဆီသတ်ပါ
  7. ဆီသတ်နေစဉ် ငါးထဲမှ ထွက်လာသော အရည်များခမ်းတဲ့ထိ အိုးကို မကြာမကြာ လှုပ်လှုပ်ပေးပါ
  8. ရေခမ်းပြီဆိုတာနဲ့ ငါးများရေမြုပ်အောင် ရေထပ်ထည့်ပေးပြီး ဆက်တည်ပါ
  9. ရေခမ်းကာနီးပါက နံနံပင် သို့မဟုတ် ပင်စိမ်းအုပ်ကာ အိုးကို လှုပ်ပေးပါ
  10. ငါးအသားများ မကျေစေရန် အရမ်းမွှေမပေးရပါ
  11. ဆီပြန်ပြီး အိုးကပ်ပြီဆိုတာနဲ့ ငါးသားလေး အိုးကပ်ဆီပြန်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment