Thursday 2 June 2016

သင်္ဘောသီးသုပ်




သင်္ဘောသီးသုပ်က မာမာ့အကြိုက် အသုပ်စားဖွယ်ရာ တစ်မျိုးပါဘဲ ဒီတော့ သင်္ဘောသီးစိမ်းကို တွေ့တာနဲ့ ဘယ်လိုသုပ်စားရမလဲ စဉ်းစားမိတာက အရင်ဆုံးပါဘဲ။

ဒီတစ်ခါတော့ ငရုတ်သီးစိမ်းကို လှော်ပြီးထောင်းမယ် ပုဇွန်ခြောက်ကို ထောင်းပြီးသုပ်မယ်ဆိုပြီး စဉ်းစားပြီးသကာလ မာမာသုပ်စားတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သင်္ဘောသီးစိမ်း - အနေတော် တစ်လုံး
  2. ပုဇွန်ခြောက် - အကောင်ကြီးကြီး ၁၅ကောင်ခန့်
  3. ငရုတ်သီးစိမ်း - ၁၀တောင့်ခန့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ)
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း ၃ဇွန်း (ကြက်သွန်ဖြူ ၁၀မွှာလောက်ကိုဆီလက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခွဲလောက်ဖြင့် ဆီချက်ချက်ထားပါ)
  7. မန်ကျည်းသီးမှည့် အနှစ် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး မျှင်မျှင်သးသေးလေးတွေရအောင် သင်္ဘောခြစ် အသေးဆုံး အပေါက်ဖြင့် ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ဆေးပြီး ရေနာရီဝက်လောက်စိမ်ကာ ရေစစ်ထားပါ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကိုထည့်ကာ ညက်နေအောင် ထည့်ထောင်းပြီး ဖယ်ထားပါ
  • ငရုတ်သီးစိမ်းကိုလည်း ရေစင်အောင်ဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ရေစစ်ထားသော သဘောင်္သီး ငါးငံပြာရည် ပုဇွန်ခြောက်ထာင်း ပဲအကျက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်ဖြူဆီချက်တို့နှင့် မန်ကျည်းသီးမှည့် အနှစ်တို့ထည့်ကာ ခပ်ဖွဖွလေး နယ်ပေးပါ
  • အားလုံး သမသွားတာနဲ့ စပ်စပ်မွှေးမွှေး သင်္ဘောသီးသုပ်လေးကို ရပါပြီ။

No comments:

Post a Comment