Friday 24 June 2016

ကြာဇံသုပ်


မနက်စောစော စားချင်တာလေးတွေ စားရရင် ပျော်ပါတယ်ပေါ့နော် ဒီနေ့တော့ ဆန်ကြာဇံကို ငရုတ်သီးအရောင်တင်မှုန့်ဆီချက်နဲ့ ချဉ်ချဉ်ငံငံစပ်စပ်လေး သုပ်စားဖြစ်လို့ စိတ်ကူးရရင် သုပ်စားနိုင်အောင် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကြာဇံသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်ကြာဇံ - 100 g
  2. နံနံပင်  - အနည်းငယ်
  3. ငရုတ်သီးစိမ်း  - အနည်းငယ်
  4. ပဲအကျက်မှုန့် - လိုသလောက်
  5. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  6. ပုဇွန်ခြောက်မှုန့် - လိုသလောက်
  7. အရသာမှုန့် - လိုသလောက်
  8. ငရုတ်သီး ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာ
  9. မကျည်းသီးအမှည့် - ကွမ်းသီးဆံလုံး ၂လုံးစာ
  10. ငံပြာရည် - လိုသလောက်
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  12. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာ
  13. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း

ငရုတ်သီးဆီချက် ချက်ရန်
  • ဒယ်အိုးတလုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုပိတ်ပလိုက်ပြီးမှ ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်မွှေပါ
  • ငရုတ်သီးမှုန့်ထည့်ပြီးတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ

ပြင်ဆင်ပုံ

  1. ဆန်ကြာဇံကို ရေမြုပ်အောင် နာရီဝက်လောက် စိမ်ထားပါ
  2. ရေစိမ်ထားသော ကြာဇံကို ရေများသွန်လိုက်ပြီး ကြာဇံထဲကို နနွင်းမှုန့်ထည့်ပါ
  3. ပြီးမှ ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး ကြာဇံထဲကို လောင်းချပါ
  4. ရေနွေးကို ၂မိနစ်လောက်ဘဲ စိမ်ထားပြီး ဇကာထဲသွန်ချကာ ရေစစ်ထားပါ
  5. မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေနွေးပူပူ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာနဲ့ စိမ်ထားပါ
  6. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  7. နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  8. အသုပ်ထဲထည့်ရန် ပါဝင်ရမည့် ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ ကြာဇံကိုထည့်ပါ
  • ငရုတ်သီးဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီးစိမ်း အနည်းငယ်  ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဝက်သာသာတို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အသုပ်နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ လိုတဲ့အရသာက်ု ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment