Tuesday 28 April 2020

ကြက်အသည်းအမြစ် အစိမ်းကြော်


ဒီနေ့တော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်လေးတွေ ရလာတာနဲ့ အသီးအရွက်ကြော် ဟင်းလေးတွေ ချက်ဖြစ်ပါတယ် ဒီတစ်ခါတော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့  ကြက်အသည်း အမြစ်လေးနဲ့ အစိမ်းကြော်လေး ကြော်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်အသည်းအမြစ် - ငါးစုံ
  2. ရွှေပဲသီး - ဆယ်တောင့်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ပဲတောင့်ရှည် - ငါးတောင့်
  5. ပန်းဂေါ်ဖီ - အခက်ကြီးကြီး သုံးခက်
  6. ကြက်သွန်နီ - အနေတော် တစ်ဥ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. နှမ်းဆီ  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  14. ဆား - လက်ဖက်ရည်ဇွန်း သုံးတစ်ပုံ (ကြက်အသည်းအမြစ် အရသာနယ်ရန်)
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်အသည်းအမြစ် အရသာနယ်ရန်)
  16. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်အမြစ်ဆေးရန်)
  17. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း (ကြက်အမြစ်ဆေးရန်)

ပြင်ဆင်ပုံ
  1. ကြက်အသည်းများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားကာ ခပ်ပါးပါး လှီးထားပါ
  2. ကြက်အမြစ်များကို အတွင်းဖက်မှ မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့်နနွင်းမှုန့်တို့ထည့်ကာ ခပ်နာနာ နယ်ပေးပါ
  3. ကြက်အမြစ်ထဲမှ အချွဲများ ထွက်လာအောင် ခပ်နာနာလေး နယ်ပေးကာ ရေငါးထပ်လောက်နှင့် ဆေးပေးပါ
  4. ပြီးတာနဲ့ အမြစ်များကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  5. လှီးထားသော ကြက်အမြစ်နှင့် ကြက်အသည်းတို့ကို ဆား နနွင်းမှုန့် အရသာမှုန့်တို့နှင့် အရသာဝင်အောင် နယ်ထားပါ
  6. ရွှေပဲသီးကို အကြောသင်ပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
  7. ပဲသီးကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  8. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ရှည်ရှည်အမြှောင်းလေးတွေ လှီးထားပါ
  9. ပန်းဂေါ်ဖီကို ရေဆေးကာ အနေတော် လှီးထားပါ
  10. ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး အကွင်းလေးတွေ လှီးထားပါ
  11. ကြက်သွန်ုဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  12. ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  13. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး ပူအောင်တည်ပေးပါ
  14. ဆီပူလာတာနဲ့ အိုးထဲကို အရင်ဆုံး အရသာ နယ်ထားသော ကြက်အသည်းအမြစ်များကို ထည့်ကြော်ပေးပါ
  15. အသည်းအမြစ်ထဲမှ ထွက်လာသော အရည်များ ခမ်းလာတာနဲ့ ဘေးကိုခန တွန်းထားပြီး ကြက်သွန်နှစ်မျိုးလုံးကို ထည့်ကြော်ပေးပါ
  16. ကြက်သွန်အနည်းငယ် နွမ်းလာတာနဲ့ ရွှေပဲသီးမှလွဲပြီး ကျန်အသီးအရွက်များကို ထည့်ကြော်ပေးပါ
  17. နှစ်မိနစ်ခန့် ကြော်ပြီးတာနဲ့ ခရုဆီ နှမ်းဆီ အရသာမှုန့် ပဲငံပြာရည်နှင့် ဆားတို့ကို ထည့်မွှေပါ
  18. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့  အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  19. ပြီးတာနဲ့ ရွှေပဲသီးကိုထည့်ပြီး မွှေပေးကာ မွှေပေးကာ တစ်မိနစ်ခန့် ထားပေးပါ
  20.  ထမင်းပူပူလေးနှင့် စားသုံးရန် အရမ်းကို လိုက်ဖက်လွန်းတဲ့ ကြက်အသည်းအမြစ် အသီးအရွက်ကြော်လေးကို စားသုံးရန်  ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment