Thursday 30 April 2020

က ကတစ် ငပိချက်


ဒီနေ့တော့ က ကတစ်ငါးတစ်ကောင် ဝယ်လာပြီး ငါးပိရည်ကျိုလေးနဲ့ ချဉ်ငံစပ် ငါးပိချက်ယောင်ယောင်လေး ချက်ပါတယ် တို့စရာ အစုံနဲ့ ထမင်းစားရမှာမို့လို့ ထမင်းတော့ မြိန်အုံးမှာ သေချာပါတယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး - အကောင်ကြီးကြီး တစ်ကောင်
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးပိရည် ကျိုပြီးသား - ထမင်းစားဇွန်း ဆယ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  12. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  13. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  14. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
ပြင်ဆင်ပုံ
  • က ကတစ်ငါးကို အကြေးခွံထိုးပြီး မလိုတာတွေ ဖယ်ပေကာ အသားလွှာပေးကာ ထိုငါးအသားလွှာကို ခပ်ကြီးကြီး တုံးပေးပါ
  • အသားလွှာထားသော ငါးတုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • အားလုံးပြီးပါက ငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့်တ်ု့ ရောပြီးထောင်းထားတာတို့ကို ထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိပ်လာတဲ့အထိ ချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိပ်လာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတစ်ခမ်း အချိန်မှာ ကျိုထားသော ငါးပိရည်ကို ထည့်မွှေပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ အုပ်ပေးပါ
  • က ကတစ်ငါး ငါးပိရည်ကျို ချိုချဉ်ငံစပ် အရသာလေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် တို့စရာ အစုံတို့ဖြင့်  ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment