Thursday 30 April 2020

ဘာဆာငါး ငါးပိရည်ဖျော်


ဒီတစ်ခါတော့ ဆလတ်ရွက် နုနုလေးတွေ ဝယ်လာပြီးတော့ ငါးပိရည်ဖျော်နဲ့ တို့စားချင်တာနဲ့ ဘာဆာငါးကို ပြုပ်ပြီး ငါးပိရည်ဖျော်လေး ဖျော်လိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ဖျော်ထားတဲ့ ငါးပိရည်ဖျော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက ဇကာစိတ်စိတ်လေးခံပြီး အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။
ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ဘာဆာငါးပြား - နှစ်ပြား
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် (အနီရောင်နှင့် အစိမ်းရောင် ရောပြီးသုံးပါ)
  3. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  4. နံနံပင် - အနေတော် သုံးပင်ခန့်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ဘာဆာငါးပြားကို ရေဆေးပြီး အိုးတစ်လုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  • ရေခမ်းတာနဲ့ အအေးခံပြီး ငါးအသားများကို မွှထားပါ
  • ငရုတ်သီးစိမ်းများကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ခရမ်းချဉ်သီးကိုလဲ ရေဆေးကာ အိုးထဲထည့်ပြီး ရေမြုပ်အောင် ထည့်ပေးပါ
  • ပြီးတာနဲ့ ခရမ်းချဉ်သီးများ နူးအိလာတဲ့အထိ ပြုပ်ပေးထားပါ
  • ငရုတ်သီး အလှော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုလဲ ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါ၀င်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လိုအပ်တဲ့အချိန် ယူသုံးနိူင်အောင် လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာ ရှိလှတဲ့ ပုဇွန်ထုတ် ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment