အခုရက်ထဲ ရာသီဥတုကလဲ မတည်ငြိမ်သေးသလို တောမီးတွေကလဲ ဟိုတစ်ကွက် ဒီတစ်ကွက် လောင်နေဆဲမို့လို့ ထွေလီကာလီတွေလဲ သိပ်မချက်ဖြစ်ပြန်ပါဘူး။
ဒီနေ့တော့ ထမင်းပူပူ ဟင်းပူပူလေး စားရလေအောင် ကြက်သားပဲသီး အစိမ်းကြော်လေး ကြော်ဖြစ်တာနဲ့ မာမာကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 100 g
 - ပဲတောင့်ရှည် - ဆယ်တောင့်ခန့်
 - မုံလာဥနီ - အနေတော် တစ်ဥ
 - တရုတ်မုန့်ညှင်းဖြူ - သုံးဖတ်ခန့်
 - ကြက်သွန်နီ - အနေတော် တစ်ဥ
 - ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
 - ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
 - အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
 - နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
 - ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
 
ကြက်သားအရသာနယ်ရန်
- ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
 - နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
 - အရသာမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
 - ပြောင်းကော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
 
ပြင်ဆင်ပုံ
- ကြက်သားကို အတုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း အမြှောင်းလေးတွေလှီးကာ အရသာ နယ်ထားပါ
 - ပဲတောင့်ရှည်ကို ရေဆေးကာ ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
 - မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
 - တရုတ်မုန့်ညှင်းဖြူကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
 - ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အဖတ်လေးတွေ ရလာအောင် လှီးထားပါ
 - ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
 - ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
 - ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထဲ့ကြော်ပေးပါ
 - ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထဲ့ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
 - အိုးထဲမှာ ရေခမ်းသွားပြီး ဆီပြန်ထွက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
 - ကြက်သွန်နွမ်းတာနဲ့ တရုတ်မုန့်ညှင်း မုံလာဥနီ ဆား အရသာမှုန့်နှင့် ပဲသီးတို့ကို ထည့်ကြော်ပါ
 - အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပါ
 - အသီးများ နွမ်းလာတာနဲ့ ပဲငံပြာရည်ထည့်ပေးပြီး အရသာ သမအောင် မွှေပေးပါ
 - ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
 - အရသာ ပြင်ပြီးတာနဲ့ ကြက်သားကြော် ချိုစိမ့်စိမ့်လေးကို ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိုင်ပါပြီ။
 

No comments:
Post a Comment