Tuesday 28 April 2020

ကြက်ဥ ခေါက်ဆွဲကြော်


ဒီနေ့တော့ ထမင်းမချက်တော့ဘဲ ခေါက်ဆွဲဘဲ ကြော်စားကြပါမယ် အသီးအရွက်တွေ အများကြီးထည့်ပြီး ကြော်ထားတဲ့အတွက် ထမင်းမပါပေမဲ့ ခေါက်ဆွဲကြော် တစ်ပွဲဆိုရင်လဲ ဗိုက်ဝစေတာမို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ခေါက်ဆွဲအစို - ငါးဆယ်သား
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ဘရော့ကိုလီ - ခြောက်ခက်ခန့်
  5. ကြက်သွန်နီ - အနေတော်တစ်ဥ
  6. ကြက်သွန်မိတ် - အပင်ကြီးကြီး နှစ်ပင်
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  8. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  11. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  13. ဆီ - ထမင်းစားဇွန်း ကိုးဇွန်းခန့် (ခေါက်ဆွဲကြော်ရန်)
  14. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်ဥကြော်ရန်)
  15. ရိုးရိုးရေ - ထမင်းစားဇွန်း ရှစ်ဇွန်း
  16. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  17. ကြက်ဥ - သုံးလုံး
  18. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်ဥကြော်ထဲထည့်ရန်)
  19. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ဥကြော်ထဲထည့်ရန်)
ကြက်ဥကြော်ရန်
  1. ဇလုံတစ်လုံးထဲမှာ ကြက်ဥကို ဖောက်ထည့်ပေးပါ
  2. ကြက်ဥဇလုံထဲမှာ ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး ခလောက်ပေးပါ
  3. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ ကြက်ဥများကိုဖြန့်ပြီး ထည့်ပေးပါ
  5. တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးကာ နှစ်ဖက်လုံးကျက်သွားမှ ဆယ်ပြီးပုံပါအတိုင်း ရအောင် ကပ်ကျေးနှင့် ညှပ်ပေးပါ။

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တစ်လက်မလောက် အရှည်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ရှစ်စိတ် စိတ်ပေးပြီး အဖတ်လေးတွေ ရလာအောင် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ ဘရော့ကိုလီ ကြက်သွန်နီ ဂေါ်ဖီနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆား ခရုဆီ ပဲငံပြာရည်အကျဲနှင့် ရိုးရိုးရေ တစ်ဝက်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် ခေါက်ဆွဲတို့ကို သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသောရေကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့  အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ခေါက်ဆွဲကြော် ကျက်တာနဲ့ ခေါက်ဆွဲကြော် အိုးထဲကို  ကြက်သွန်မိတ်နှင့် တရုတ်နံနံကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို ရပါပြီ
  • ခေါက်ဆွဲကြော်ပွဲ ပြင်ပေးပြီးတာနဲ့ ကြော်ပြီးညှပ်ထားသော ကြက်ဥကြော်ကို အပေါ်ယံမှ ဖြူးပေးပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment