Tuesday 28 April 2020

ကြက်ဟင်းခါးသီးကြော်



ဒီနေ့တော့ ကြက်ဟင်းခါးသီး အခါးသီးလေးတွေ ဝယ်လာဖြစ်တာနဲ့ အခါးကြိုက်တဲ့ အိမ်သားတွေအတွက် ကြော်ဖြစ်ပါတယ် ကြက်ဟင်းခါးသီးက ထိုင်ဝမ်သီး ခပ်ပွပွကြီးတွေဆို အခါးပေါ့ပြီး အခုလို မြန်မာသီး ခပ်ကျစ်ကျစ်နဲ့ ဘို့တွေအများကြီးပါတဲ့ အသီးဆိုရင်တော့ အခါးအရသာက လေးလေးပင်ပင် ရှိလွန်းလှပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အနေတော် ငါးလုံး
  2. ပုဇွန်ခြောက် - အကောင် နှစ်ဆယ်ခန့်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်ဟင်းခါးသီးကို ထိပ်နှစ်ဖက်မှ ဖြတ်ကာ ဇွန်းအရိုး ခပ်ရှည်ရှည်ဖြင့် အထဲမှ အစေ့များကို ကလော်ထုတ်ပေးပါ
  • အစေ့များဖယ်ပြီးပါက ခပ်ထူထူ အနေအထားလေးတွေ အကွင်းလိုက် လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဖယ်ထားသော အစေ့များကို အသုံးမလိုတဲ့အတွက် ဖယ်ထားလိုက်ပါ
  • ပုဇွန်ခြောက်ကို ရေမြုပ်အောင်ထဲ့ပြီး ရေစိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စဉ်းထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ရေစိမ်ထားသော ပုဇွန်ခြောက်များကို ရေစစ်ကာထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထဲ့ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ ပုဇွန်ခြောက်ထောင်းကို ထဲ့ကြော်ပေးပါ
  • ပြီးတာနဲ့ပုဇွန်ခြောက်ထောင်းထဲမှာပါတဲ့ ကြက်သွန်များကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
  • ကြက်သွန်နံ့ သင်းလာတာနဲ့ ငံပြာရည် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြက်ဟင်းခါးသီးများကို ထည့်ကြော်ပေးပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး အားလုံးကို သမအောင်မွှေကာ ကြော်ပေးပါ
  • ကြော်နေစဉ်မှာ ဟင်းအိုး အိုးမကပ်စေရန် ကြက်ဟင်းခါးသီးများကို မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • ကြက်ဟင်းခါးသီးများ နွမ်းလာပြီး ဆီသံကြား လာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့  ကြက်ဟင်းခါးသီးဟင်း ကြော်ချက်လေးကို စားသုံးဖို့ပြင်ဆင်ပေးနိုင်ပါပြီ။

No comments:

Post a Comment