Monday 20 April 2020

ကန်စွန်းဥ ခေါက်ဆွဲကြော်


ဒီနေ့တော့ သတ်သတ်လွတ် ကန်စွန်းဥ ခေါက်ဆွဲလေး ကြော်ပါတယ် အသားမပါပေမဲ့ ကန်စွန်းဥ ခေါက်ဆွဲရဲ့  တစ်ထုတ်ထုတ် အရသာလေးကြောင့် စားလို့အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကန်စွန်းဥ ခေါက်ဆွဲကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကန်စွန်ဥခေါက်ဆွဲခွေ - သုံးခွေ
  2. မုန့်ညှင်းဖြူ  - အနေတော် ငါးဖတ်ခန့်
  3. ဂေါ်ဖီ - တစ်စိတ်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ကြက်သွန်မိတ် - နှစ်ပင်
  6. ဆီ - ထင်းစားဇွန်း ရှစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီ - လက်ဖက်ဇွန်း တစ်ဝက်
  10. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကန်စွန်းဥခေါက်ဆွဲကို ရေမြုပ်အောင်ထည့်ပြီး နှစ်နာရီလောက် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ရေ 8 cups ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ရေစိမ်ထားသော ကန်စွန်းဥ ခေါက်ဆွဲကို ရေစစ်ပြီး ထည့်ပေးပါ
  • ခေါက်ဆွဲဖတ် အနေတော် အနေအထား ရပါက ဇကာထဲ သွန်ချကာ ခေါက်ဆွဲဖတ်များ အေးလာတဲ့ထိ ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ခေါက်ဆွဲဖတ်များ ရေစင်အောင် စစ်ထားပေးပါ
  • ရေစစ်တာနဲ့ခေါက်ဆွဲဖတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ကာ ဆား အရသာမှုန့် ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကျဲ နှင့် နှမ်းဆီတို့ ထည့်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးပေးကာ ရေစစ်ထားပေးပါ
  • မုန့်ညှင်းဖြူ ကို မထူမပါးလေးတွေ လှီးပေးပြီး ရေစစ်ထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ထူထူး လှီးပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ဆုံး ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ ဂေါ်ဖီနှင့် မုန့်ညှင်းဖြူတို့ကို ထည့်ကြော်ပေးပါ
  • ဂေါ်ဖီနှင့် မုန့်ညှင်းဖြူ များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များနှင့် ခေါက်ဆွဲတို့ကို သမသွားအောင် မွှေပေးပါ
  • တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကြက်သွန်မိတ်ထည့်ပြီး မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ သတ်သတ်လွတ် ကန်စွန်းဥ ခေါက်ဆွဲကြော်လေးကို ရပါပြီ
  • အပေါ့အငံကို အရသာကို မီးဖိုပေါ်က မချခင် မြည်းပေးပြီး လိုသလို ပြင်ပေးကာ ကန်စွန်းဥ ခေါက်ဆွဲကြော် ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment