သမီးငယ်လေး ကျောင်း၂လပိတ်တော့ အိမ်ပြန်ရောက်တာနဲ့ ဘာစားချင်လဲ မေးလိုက်တိုင်း အသားမပါရင်ပြီးရော မေမေတဲ့ ဒီတော့လဲ ထွေထွေထူးထူး တွေးမနေတော့ဘဲ သူလဲကြိုက် မိသားစုလဲ ကြိုက်တဲ့ အသီးအရွက် ကော်ပြန့်လိပ်လေးတွေ လိပ်ဖြစ်သွားပါတယ်။
ပြင်ဆင်ရတာ လွယ်သလောက် စားလို့လဲ ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လွယ်ကူမြန်ဆန်စွာ လိပ်ပေးဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မုန့်ဟင်းခါးဖတ် - မိမိနှစ်သက်သလောက်
 - မုံလာဥနီ - ခပ်ကြီးကြီး နှစ်ဥ
 - ဂေါ်ဖီအကြွတ်ထုတ် - တစ်ခြမ်း
 - ဆလတ်ရွက် - အပင်ကြီးကြီး တစ်ပင်
 - Rice paper - ၁၂ရွက်
 - ငရုတ်သီးဆော့စ် - လိုသလောက်သုံးပါ
 - ခရမ်းချဉ်သီးဆော့စ် - လိုသလောက်သုံးပါ
 - သကြား - လိုသလောက် သုံးပေးပါ
 - ရေနွေး - လိုသလောက် သုံးပေးပါ
 
ပြင်ဆင်ပုံ
- မုန့်ဟင်းခါးဖတ်ကို ပြင်ထားပါ
 - မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ပံပါအတိုင်း ခြစ်ပေးထားပါ
 - ဂေါ်ဖီအကြွတ်ကို အဖတ်လိုက် ရေဆေးပြီး ပံပာအတိုင်း လှီးထားပါ
 - ဆလတ်ရွက်ကို ရေဆေးပြီး ရေစစ်ထားပါ
 - ဆန်ပြားရွက် ငရုတ်သီးဆော့စ်နှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
 - ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြား တစ်ချပ်ထဲထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ
 - ရေစိမ်ပြီးတာနဲ့ ပန်းကန်ပြားသန့်သန့် တစ်ချပ်ပေါ်ဖြန်တင်ပြီး ခင်းပေးပါ
 - ဆန်ပြားရွက်ပေါ်မှာ ဆလတ်ရွက်တစ်ရွက် ဂေါ်ဖီဖတ် မုန်လာဥနီနှင့် မုန့်ဟင်းခါးဖတ်တို့ကို အဆင်ပြေသလို ထည့်ပေးပါ
 - အစာများ ပုံပြီးထည့်ထားတာ အဆင်သင့် ဖြစ်တာနဲ့ ဆန်ပြားဖတ်ကို အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
 - ပြီးတာနဲ့ ဘေးနှစ်ဖက်ကို အစာအပေါ် အုပ်မိအောင် တစ်စဆီ ခေါက်တင်ပေးပါ
 - နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံ ရလာတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
 - ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါ လှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
 
အချဉ်ရည်အတွက်ပြင်ပါမယ်
- Tomato sauce - ထမင်းစားဇွန်း ၂ဇွန်း
 - Chili sauce - ထမင်းစားဇွန်း ၂ဇွန်း
 - သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
 - ရေနွေး - ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ။
 











No comments:
Post a Comment