Monday 27 April 2020

ငါးခူမီးကင် ငပိရည်ဖျော်


ဒီနေ့တော့ ငါးပိရည်ကို ငါးခူမီးကင်လေးနဲ့ အဖျော်လုပ်ပါတယ် မြန်မာဆန်ဆန် ထမင်းဝိုင်းလေးမှာ ဆီပြန်ဟင်းလေးတစ်မယ် အရည်သောက်ဆမ်းလေးတစ်မယ် ငါးပိရည် တို့စရာလေးတွေရယ် အသီးအရွက်ကြော်လေးတစ်မယ်ရယ်တော့ များသောအားဖြင့် ပါတတ်ကြပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာ့အိမ်က ထမင်းဝိုင်းလေးမှာ ပါတတ်တဲ့ ငါးပိရည်ဖျော် ဖျော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သာ
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် ၄လုံးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။
ဖျော်စရာထောင်းပြီး ချက်ရန် ပါ၀င်ပစ္စည်းများ
  1. ငါးခူ - အကောင်ကြီးကြီး တစ်ကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  4. ကြက်သွန်နီ - အနေတော် လေးလုံး
  5. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အမွှာလေးတွေ ထွင်ပေးပြီး အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကို အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်ဖုတ်ပေးပါ
  • ပြီးတာနဲ့ ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ငါးကို မလိုတာတွေ ဖယ်ပြီး ရေစင်အောင်ဆေးကာ ဘေးနှစ်ဖက်ကို ခပ်စိတ်စိတ်လေး မွှန်းပေးပါ
  • ပြီးတာနဲ့ အကျက်ညီစေရန် ငါးကို ဒုတ်နဲ့ထိုးပြီး မီးသွေးမီးဖိုရှိပါက ကျက်သွားအောင် ကင်ပေးပါ သို့မဟုတ်
  • အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်ကင်ပေးပါ
  • ပြီးတာနဲ့ ငါးကင်ကို အရိုးအသား သပ်သပ်စီ နွှင်ထားပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ မညက်တညက် ထောင်းပေးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငါးကင် ငရုတ်သီးစိမ်း ငရုတ်သီး အလှော်မှုန့် အရသာမှုန့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက် ထောင်ပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငါးကင်ထောင်းများကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး သင်းလာတာနဲ့ ကျိုထားသော ငါးပိရည်ကို လောင်းထည့်ပေးပါ
  • ငါးပိရည် ပွက်ပွက်ဆူလာတာနဲ့ မိမိစားနိူင်သလောက်ကို ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြိးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာ ရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment