Thursday 9 June 2016

ကြက်ဟင်းခါးသီး ပုဇွန်ခြောက်ထောင်း အစပ်ကြော်


အရသာခါးတဲ့ ဟင်းသီးဟင်းရွက်ဆို ဘယ်လိုဘဲချက်ချက် အရမ်းကြိုက်တာမို့လို့ ဒီတစ်ခါတော့ ကြက်ဟင်းခါးသီးကို ခါးခါးစပ်စပ်လေး ကြော်ဖြစ်သွားလို့ ကြက်ဟင်းခါးသီး အစပ်ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး သုံးလုံး
  2. ပုဇွန်ခြောက် - ထောင်းပြီးသား ထမင်းစားဇွန်း သုံးဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ပါးပါးရိတ်ရိတ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ခပ်နုတ်နုတ် စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ဆီ - ထမင်းစားဇွန်း လေးဇွန်းခွဲ

ပြင်ဆင်ချက်ပြုပ်ပုံ
  1. ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
  2. အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  3. ကြိတ်ထားသော ပုဇွန်ခြောက်မှုန့်ကို ပြင်ထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် စဉ်းထားပါ
  6. အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  7. ပြီးတာနဲ့ကြက်သွန်ဖြူ  ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  8. နွမ်းပြီဆိုတာနဲ့ ပုဇွန်ခြောက်ကို တစ်မိနစ်လောက်ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  9. ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက်ပြည့်တာနဲ့ ရေ ထမင်းစားဇွန် သုံး ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံး မအုပ်ဘဲ ကြော်ပေးပါ
  10. အိုးမကပ်စေရန် ဟင်းအိုးကို မမွှေဘဲ လှုပ်လှုပ်ပေးပါ
  11. ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး ကြက်ဟင်းခါးသီးကြော် စပ်စပ်လေးကို စားဖို့ပြင်ဆင်နိုင်ပါပြီ၊

No comments:

Post a Comment