Monday 6 June 2016

မိုက်ခရိုဝေ့နဲ့ချက်တဲ့ ဆီထမင်း



ဆီထမင်းပူပူလေး စားချင်တာနဲ့ မြန်မြန်ကျက်ရင် မြန်မြန်လေး စားရတယ်ဆိုပြီး မိုက်ခရိုဝေ့နဲ့ ဆီထမင်း ချက်ဖြစ်သွားပါတယ် ဗိုက်ခရိုဝေ့ မီးဖိုနဲ့ ချက်တဲ့နည်းက ဆီထမင်းချိုး မရတာကလွဲလို့ ကျန်တာတွေ အကုန်အဆင်ပြေတဲ့ ဆီထမင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  3. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံ နှစ်ပုံ
  6. ကြက်သွန်နီ -  ဥအသေး သုံးလုံး ( ဥအကြီးသုံးပါက တစ်လုံးဆိုရပါတယ်)
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (မထည့်လဲရ)
  8. မိုက်ခရိုဝေ့မီးဖိုသုံး ဇောက်နက်သည့် ဗူး - တစ်ခု

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးတားပါ
  • ကြက်သွန်နီ အလုံးကြီးကို သုံးပါက ရှစ်စိတ်စိတ်ထားပါ
  • ဒယ်အိုးထဲ ဆီကိုထည့်ပြီး ဒယ်အိုးကို အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကောက်ညှင်းဆန်ကို ထည့်ကြော်ပါ
  • ကြော်နေစဉ် အဆက်မပြတ် မွှေပေးပြီး ဆန်သားကြည်လာတဲ့အထိ မွှေပေးပါ
  • ဆန်သားကြည်လာပြီ ဆိုတာနဲ့ မိုက်ခရိုဝေ့ချက်တဲ့ ဗူးထဲသို့ ပြောင်းထည့်ပါ
  • ကောက်ညှင်းဆန်ကြော်နဲ့အတူ ဆား အချိုမှုန့် ကြက်သွန်နီ ရေ တစ်ဗူးခွဲတို့ကို ထည့်ပြီး အဖုံးကို ခပ်ဟဟလေးထားကာ လေးမိနစ်တည်ပေးပါ
  • လေးမိနစ်ပြည့်တာနဲ့ အပြင်ခနထုတ်ပြီး အထက်အောက် သမအောင် မွှေပေးပါ
  • ကျန်နေတဲ့ ရေတစ်ဗူးခွဲကို ထပ်ထည့်ပြီး အထက်ပါ ပုံစံအတိုင်း နောက်ထပ် လေးမိနစ်ထပ်ထည့်ပါ
  • လေးမိနစ်ပြည့်တာနဲ့ အပြင်ထုတ်ပြီး ကြည့်ပါ
  • အသုံးပြုသော ကောက်ညှင်းဆန် မတူနိုင်တဲ့အတွက် မာနေသေးရင် ရေအနည်းငယ်ထပ်ထည့်ပြီး နှစ်မိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ အရသာ ကောင်းမွန်တဲ့ ကောက်ညှင်းဆီထမင်း မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment