Thursday 23 June 2016

ပါစွန်ချဉ်ထည့်နည်း









ဒီနေ့တော့ ပါစွန်သုပ်ပါတယ် ပါစွန်လို့ပြောလိုက်တာနဲ့ မသိတဲ့သူ တော်တော်များပါတယ် သိတဲ့သူတွေကျပြန်တော့ အရမ်းကြိုက်တဲ့ အစာတမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။

တကယ်တမ်းကျတော့ ပါစွန်ဆိုတာ မြန်မာပြည်မှာ ငါးစရစ် ဒေါင်းပဆိပ် ငါးလက်ကပ် ငါးတောင်စင်းစသည့် ငါးသေးသေးလေးကို ဆန်လှော်မှုန့်နဲ့နယ်ပြီး အနည်းဆုံး ၃ရက်လောက်ထားပြီးမှ ကြက်သွန်နီ ပင်စိမ်း ရှမ်းနံနံ နံနံပင်စတဲ့ အမွှေးနံ့သာ အရွက်တွေရယ် ဇီးဖြူသီးထောင်း ဒါမှမဟုတ် သံပုရာသီးနဲ့ သုပ်စားရတဲ့  အသုပ်တမျိုးပါ ဇီးဖြူသီးမရှိရင်လဲ သံပုရာသီးနဲ့ သုပ်စားနိုင်ပါတယ်။

မာမာကတော့ မြန်မာငါးတွေ မရနိုင်တဲ့နေရာမှာ ရောက်နေတာမို့ မြန်မာငါး အရသာနဲ့ နီးစပ်တဲ့ SILVERFISH နဲ့ ပါစွန်လုပ်လိုက်ပါတယ် မြန်မာပြည်က ပါစွန်အရသာနဲ့ တထပ်ထည်းတူတဲ့ ပါစွန်အရသာရလို့ ပါစွန်လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

မြန်မာပြည်မှာတော့ ငှက်ပျောရွက် ကျူရွက် သက်ကယ်ရွက်တို့ အရမ်းပေါတဲ့အတွက် အရွက်တွေနဲ့ သေသေချာချာထုတ်ပြီး အပေါ်ကနေ အလေးတခုနဲ့ ဖိထားရပါတယ်။

အရွက်ကျို အရွက်ကြားက စိမ့်ထွက်လာတဲ့ အရည်တွေကို တချို့ကတော့ သွန်ပေးကြပြီး တချို့ကတော့ အရည်မသွန်ဘဲ အရည်ထဲမှာ စိမ်ထားတတ်ကြပါတယ်။

အခုနောက်ပိုင်းတော့ ဖန်ပုလင်းထဲမှာ ဖိသိပ်ထည့်ပြီး ပါစွန်လုပ်ကြပြန်ပါတယ် လုပ်ပုံလုပ်နည်းတွေက တနေရာနဲ့တနေရာ နည်းနည်းစီ ကွာခြားတတ်ပါတယ်။

မာမာကတော့ ထုတ်စရာ အရွက်ရှားလို့ cling wrap နဲ့ ၃ထပ်ထပ်ပြီး ကျစ်နေအောင်ထုတ်ကာ သားရည်ကွင်းနဲ့ တင်းနေအောင် စည်းပြီး အောက်ခံပန်းကန်ပြားပေါ်မှာ ငါးထုတ်ကိုတင်ကာ အပေါ်ကနေ ဆီလေးလီတာ ပုလင်းနဲ့ဖိပြီး ထုတ်ထားတဲ့အထုတ်ကို အရည်များ ထွက်စေအောင် ဒုတ်အချွန်လေးနဲ့ လိုက်ဖောက်ပေးပါတယ် အရည်တွေထွက်လာတာ များလာရင် အနံ့နံမှာဆိုးလို့ သွန်သွန်ပေးပါတယ်။

ပါစွန်လုပ်ရန် ပါဝင်ပစ္စည်းများ

  1. SILVERFISH - 500 g
  2. ဆန်လှော်မှုန့် - ထမင်းစားဇွန်း မောက်မောက် ၇ဇွန်း
  3. ဆား - ထမင်းစားဇွန်း မောက်မောက် တစ်ဇွန်း

ပါစွန်လုပ်ရန်
  • ငါးကိုရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသော ငါးများ ခြောက်သွားပါက ငါးထဲကို ဆန်လှော်မှုန့်နှင့်ဆားထည့်ကာ နယ်ပေးပါ
  • Cling wrapကို ၃ထပ် ထပ်ပြီး ငါးကိုထည့်ပြီး ကျစ်နေအောင် ထုတ်ပေးပါ
  • ထုတ်ထားသော ငါးထုတ်ကို ကြိုး သို့မဟုတ် သားရည်ကွင်းနှင့် ကျစ်နေအောင် ထပ်စည်းပေးပါ
  • ငါးထုတ်ကို ပန်းကန်ပြား တချပ်ထဲထည့်ပြီး အပေါ်မှ လေးသောပစ္စည်း တခုနှင့် ဖိပေးပါ
  • ဖိထားသော ငါးထုတ်ကို ဒုတ်အချွန်နှင့် ၁၀ချက်လောက် လိုက်ဖောက်ပေးပါ
  • ယင်ကောင်မနားစေရန် food cover နှင့် အုပ်ထားပေးပါ
  • ဒုတိယမြောက်နေ့မှာ အရည်များ ထွက်လာပါလိမ့်မယ်
  • ထွက်လာသော အရည်များကို သွန်ပေးပါ
  • ရေများသွန်ပေးရင်း ငါးထုတ်ကို နောက်တခါ ဒုတ်ချွန်နှင့် လိုက်ထိုးဖောက်ပေးပြီး အလေးနှင့် ထပ်ဖိပေးပြီး ထွက်လာသော အရည်များကို သွန်သွန်ပေးပါ
  • ၃ရက်မြောက်နေ့မှာ ပါစွန်ရပါပြီ
အသုပ်သုပ်ရန်
  • ပါစွန် - တစ်ဝက် 
  • ကြက်သွန်နီ - အနေတော် တစ်ဥ ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ
  • နံနံပင် - နှစ်သက်သလောက်  ရေဆေးပြီး အနေတော် လှီးထားပါ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးစိမ်း -  နှစ်သက်သလောက် ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီး အကျက်မှုန့်- နှစ်သက်သလောက် 
  • သံပုရာသီး - အချဉ်ကြိုက်သလောက်
  • ပဲဆီစိမ်း - ထမင်းစားဇွန်း ၅ဇွန်း
  • အားလုံးကိုရောပြီး ခပ်ဖွဖွနယ်ပေးပြီး လိုသလိုပြင်၍ ပါစွန်သုပ်မွှေးမွှေးလေးကို ထမင်းပူပူနှင့် စားသုံးနိုင်ပါပြီ။

No comments:

Post a Comment