Tuesday, 7 June 2016

ငှက်ပျောသီး ဆနွင်းမကင်းမွှေးမွှေးလေး










လမ်းလျှောက်ကအပြန် ဈေးကိုခန၀င်လိုက်တာ ငှက်ပျောသီး တကီလိုကို 1.30$ ဆိုတော့ ဘာပြောရမလဲ ပျော်တာပေါ့ မနိုင်မနင်း လောဘကြီးစွာနဲ့ ၃ကီလိုတောင်မှ ၀ယ်မိသွားတော့ ငှက်ပျောသီး ဆနွင်းမကင်း ဖုတ်ရမဲ့ အကြောင်းက ဖန်လာလေတော့ ပျော်ပျော်ကြီး ဖုတ်ပလိုက်တယ်ပေါ့နော်။

ပြင်ဆင်ရတာ လွယ်သလောက် အင်မတန်မှ စားလို့ကောင်းတဲ့အတွက် နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး - အခွံခွာပြီးသား တကီလို
  • သကြား - ထမင်းစားဇွန်း ၅ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အုန်းနို့ - 300ml
  • ရွှေကြည်မှုန့် - ထမင်းစားဇွန်း ၇ဇွှန်း
  • ဂျုံမှုန့် - ထမင်းစားဇွန်း ၇ဇွန်း
  • အုန်းသီးမှုန့် - ထမင်းစားဇွန်း ၁၀ဇွန်း
  • ထောပတ် - ထမင်းစားဇွှန်း ၄ဇွန်း
  • ဘိန်းစေ့ - ထမင်းစားဇွန်း တဇွန်း
  • Food colour အနီရောင် - လက်ဖက်ရည်ဇွန်းဖျား တစက်သာသာ (အရောင်နီတာ ကြိုက်ပါက ပိုထည့်ပါ)
ပြင်ဆင်ပုံ
  1. ငှက်ပျောသီးကို အခွံခွာထားပါ
  2. ရွှေကြည်မှုန့်ကို ဒယ်အိုးတလုံးထဲထည့်ုပြီး ညိုရောင်သန်းလာတဲ့အထိ လှော်ပေးထားပါ
  3. ကျန်နေသော လိုအပ်သော ပစ္စည်းများကို ပြင်ပေးပါ
  4. ဇလုံတလုံးထဲမှာ အုန်းသီးမှုန့် ထမင်းစားဇွန်း ၂ဇွန်းနှင့် ဘိန်းစေ့တို့ကိုချန်ပြီး ငှက်ပျောသီး ထောပတ် သကြား ဆား အုန်းနို့ ဂျုံမှုန့် ရွှေကြည်မှုန့် အုန်းသီးမှုန့်ထမင်းစားဇွန်း ၆ဇွန်းတို့ကို လက်နှင့် ဖိချေပေးပါ
  5. ငှက်ပျောသီးများ အရမ်းကျေသွားစရာ မလိုတဲ့အတွက် လက်နဲ့ဘဲ ချေပေးပါ
  6. အားလုံးအဆင်သင့်ဖြစ်တာနဲ့ မုန့်ဖုတ်မည့် ဗန်းပါတ်ပါတ်လည်ကို ထောပတ်လိုက်သုတ်ပေးပါ
  7. ထောပတ်သုပ်ထားသော ဗန်းထဲသို့ အရသာနယ်ထားသော မုန့်နှစ်များ ဖြန့်ပြီးထည့်ပေးပါ
  8. မုန့်နှစ်များပေါ်သို့ ချန်ထားသော အုန်းသီးမှုန့်နှင့် ဘိန်းစေ့များကို ဖြူးပေးပါ
  9. မုန့်မဖုတ်ခင် အာဗင်ကို ၁၈၀စင်တီဂရိတ်နှင့် ၁၀မိနစ်လောက် ကြိုဖွင့်ပေးထားပါ
  10. အားလုံးအဆင်သင့်ဖြစ်တာနဲ့ အုန်းသီးများ မကြွမ်းစေရန် အာဗင်ထဲမှာ အပေါ်မီးနှင့် ဝေးတဲ့ အဆင့်မှာထားပြီး မိနစ်၅၀ဖုတ်ပေးပါ
  11. မိနစ်၅၀ပြည့်တာနဲ့ မီးပိတ်ပြီး အာဗင်ထဲမှာ လက်ကျန်အပူရှိန်ဖြင့် မိနစ် ၃၀ထပ်ထားပေးပါ
  12. အချိန်ပြည့်တာနဲ့ အပြင်သို့ထုတ်ပြီး သုံးဆောင် နိုင်ပါပြီ။
မုန့်ဖုတ်မည့်ဗန်းကို ၈" × ၈" သုံးပြီး ဖုတ်နိုင်ပါတယ် မာမာက အိမ်၂အိမ်အတွက် လက်ဆောင်ပေးချင်လို့ အသေးနှင့် ထည့်ဖုတ်ခြင်းသာ ဖြစ်ပါတယ်

No comments:

Post a Comment