Wednesday 29 June 2016

ကြက်ဥဆားရည်စိမ်နည်းနှင့် အသုပ်သုပ်နည်း








စားလို့ကောင်းတယ်ဆိုပေမဲ့ အငံများတဲ့အတွက် သွေးတိုးရှိသူတွေနဲ့ မသင့်တော်တဲ့ အသုပ်တစ်မျိုးပါ မာမာကတော့ အငံပေါ့အောင် ခရမ်းချဉ်သီး အစိမ်းနဲ့ရောပြီး သုပ်ထားပါတယ်။

ဒီအတိုင်းဘဲစားစား ထမင်းပူပူနဲ့ဘဲစားစား လိုက်ဖက်လွန်းတဲ့ ကြက်ဥဆားစိမ် အသုပ်တစ်မျိုးအတွက် ဆားရည်စိမ်နည်းနဲ့ အသုပ်သုပ်နည်းကို မျှေ၀ပေးလိုက်ပါတယ်။

ကြက်ဥဆားစိမ်ရန် ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ၁၀လုံး
  2. ဆား - 250 ml
  3. ရေ - 1000 ml

ပြင်ဆင်ပုံ
  • ကြက်ဥများကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် သုတ်ထားပါ
  • ကြက်ဥဆားစိမ်ရန် ဖန်ပုလင်းတစ်လုံးကို ရေဆေးပြီး သန့်စင်ထားပါ
  • အိုးတစ်လုံးထဲမှာ ဆားနှင့်ရေကိုထည့်ပြီး ဆားများပျော်သွားအောင် ကျိုပေးပါ
  • ဆားများ ပျော်သွားပါက မီးဖိုပေါ်မှ ဖယ်ပေးကာ အေအးခံထားပါ
  • ကြက်ဥများကို ပုလင်းထဲမှာ စီပြီးထည့်ပါ
  • ကြက်ဥထည့်ထားသော ပုလင်းထဲသို့ အအေးခံထားသော ဆားရည်ကို လောင်းထည့်ပါ
  • ကြက်ဥများကို မြုပ်အောင် ဆားရည်ကို ထည့်ပေးပါ
  • ကြက်ဥများ ပေါလောပေါ် မနေစေရန် ကြက်ဥအပေါ်မှ ကြွေပန်းကန် ခပ်သေးသေးလေးကို မှောက်ပြီး အုပ်ပေပြီးမှ အဖုံးကိုဖုံးပါ
  • ပြီးပါက အခန်းအပူချိန်အတိုင်း ၂၀ရက်မှ ရက်၂၅အတွင်းထားရင် ကြက်ဥဆားစိမ်ကို ရပါပြီ
  • ဆားအငံ ခပ်ပေါ့ပေါ့ စားချင်ရင်တော့ ရက်၂၀လောက်ဆို စားလို့ရပါပြီ။
ကြက်ဥဆားစိမ် အသုပ်သုပ်ရန်
  • ကြက်ဥဆားစိမ် သုံးလုံးကို ရေမြုပ်အောင်ထည့်ပြီး ၁၀မိနစ်လောက်ပြုပ်ကာ အေအးခံထားပါ
  • ကြက်ဥအေးတာနဲ့ အခွံခွာပြီး ထက်ခြမ်းခြမ်း ပေးထားပါ
  • ခရမ်းချဉ်သီး နှစ်လုံးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ အနေတော်တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်း စားနိူင်သလောက်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်ခုထဲမှာထည့်ပြီး အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်နှင့် ပဲဆီစိမ်း ထမင်းစားဇွန်းနှစ်ဇွန်း ထည့်ကာ ခပ်ဖွဖွနယ်ပေးပြီးပါက ကြက်ဥဆားစိမ် အသုပ်လေးကို စားနိူင်ပါပြီ။

No comments:

Post a Comment