ဟင်းတွေချက်ဖြစ်ပေမဲ့ သမီးအဆိုင်းမင့် တင်ရမဲ့ရက်တွေဆို မာမာတစ်ယာက် ဘလော့ဆီ မရောက်နိုင်တော့ပါဘူး သူ့စာတွေကို မကူနိုင်ပေမဲ့ သူလိုချင်တာလေးတွေ လုပ်ပေးနိုင်အောင် နားစွင့်ရင်း ကူပေးနေရလို့ပါ။
ဒီဟင်းလေးကတော့ ကြက်သား သီးစုံချိုချဉ်လေးပါ ချိုချိုချဉ်ချဉ်မို့ ထမင်းကိုတော့ မြိန်စေပါတယ် ခြောက်ကပ်ကပ် မနက်စာထဲက ခွဲထွက်မိတဲ့ ဟင်းပွဲလေးပါ ကြော်ရတာ လွယ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခပ်ပါးပါး လှီးထားသော ကြက်ရင်ပုံသား - 150 g
- အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- လေးစိပ်စိတ်ထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
- အနေတော် လှီးထားသော ကြယ်သီးမှို - လေးခု
- ပန်းပွင့်ပုံဖော် လှီးထားသော မုံလာဥနီ - လှီးပြီးသား ဆယ့်ငါးခု
- အနေတော် လှီးထားသော ဘရိုကိုလီ - ဆယ်ခက်
- တစ်လက်မစီလောက် လှီးထားသော ကြက်သွန်မိတ် - နှစ်ပင်
- ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
- လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
- အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ကြက်သားကို ထည့်ကြော်လိုက်ပါ
- ကြက်သား အရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်လိုက်ပါ
- ရေခမ်းတာနဲ့ ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို အရင်ထည့်ပြီး မိနစ်ဝက်လောက် ကြော်လိုက်ပါ
- မိနစ်ဝက် ပြည့်တာနဲ့မုံလာဥနီ မှို ဘရိုကိုလီတို့ကို ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
- တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ဆား သကြား ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
- ကြော်ချိန် တစ်မိနစ် သာသာလောက် ရပြီဆိုတာနဲ့ ခရမ်းချဉ်သီးနှင့် ကြက်သွန်မိတ်တို့ ထည့်မွှေပေးပြီး ပူပူလူလူလေး စားနိုင်ပါပြီ။
ကြက်သားချိုချဉ်ကြော်နဲ့အတူ ပုဇွန်ကြော်ကြွပ်ကြွပ်လေးပါ တစ်ပါတည်းအားပေးသွားတယ် မာမာရေ...
ReplyDelete