မနေ့က မာမာ့သမီးလေး မွေးနေ့မှာ ချက်ဖြစ်ခဲ့ အုန်းနို့ခေါက်ဆွဲ ချက်နည်းလေး မျှဝေချင်ပါသေးတယ် ကြက်သားမစားတဲ့ သမီးအတွက် ပုဇွန်သေးသေးလေးတွေကို ဆီသတ်ပြီး ချက်ထားတာမို့ တမျိုးလေး ဆန်းများနေမလားမသိဘူးနော် ကြက်သားအစားထိုး ချက်နည်းလေးပေါ့။
နောက်တခုက ကုလားပဲခြမ်း မပြုပ်တော့ဘဲ ကုလားပဲမှုန့်လေးနဲ့ ချက်ထားတာမို့ အရသာက ပိုပြီးကောင်းပါတယ်။
ပါဝင်ပစ္စည်းများ (၅ယောက်စာ )
- ခေါက်ဆွဲဖတ် - 1500 g
- ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ကြက်သွန်နီ - အလုံးကြီးကြီး နှစ်ဥ (နန်းပြားဟင်းရည်ဆမ်းထဲ ထည့်စားရန်)
- ကြက်သွန်နီ - အနေတော် သုံးလုံး (ဆီသတ်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄ မွှာ
- ကြက်သွန်နီ - အလုံးသေး ၇ လုံး
- အုန်းဆီ ချက်ပြီးသား - ထမင်းစားဇွန်း ၃ဇွန်းသာသာ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- ငံပြာရည် - ထမင်းစားဇွန်း ၄ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ပုဇွန် - 250 g
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- ဘဲဥ - သို့မဟုတ် ကြက်ဥ ၇လုံး
- သံပုရာသီး - နှစ်လုံး
- ကြက်သွန်မိတ် - အနည်းငယ်
- ဆန်ပြားအခြောက် - လိုသလောက် (အကြွတ်ကြော်ရန်)
ပုဇွန်ဆီသတ်ရန်
- ပုဇွန်ကို ခေါင်း အမြှီး အခွံ ကြောမှအမည်းကြောင်းများကို ဖယ်ကာ ရေစင်အောင်ဆေးပါ
- ကြက်သွန်နီ အလုံးကြီး သုံးလုံးကို အခွံခွာပြီး ရေဆေးကာ ပါးပါးလှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေေေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ဆီကိုအပူပေးပြီး နနွင်းမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို နွမ်းအောင်ထည့်ကြော်ပေးပါ
- ကြက်သွန်များနွမ်းပါက ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် မွှေပေးပါ
- ငရုတ်သီးနံ့မွှေးလာပါက ပုဇွန် ငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း ထည့်ကာ ဆီသတ်ပေးပါ
- ဆီပြန်လာပါက ပုဇွန်ဆီသတ်ပြီးသား ရပါပြီ။
ခေါက်ဆွဲပြုပ်ရန်
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ ခေါက်ဆွဲအစိုကို အနည်းငယ် ပျော့သွားစေရန် ရေဆူဆူထဲမှာတစ်မိနစ်လောက် ပြုပ်ပေးပါ
- ခေါက်ဆွဲသား ပျော့လာပါက ဇကာထဲ သွန်ထဲ့ပြီး ရေအေးနှင့်ဆေးကာ ရေစစ်ထားပါ
အုန်းဆီချက်ရန်
- အုန်းသီးကို သုံးပါက အုန်းသီးကို ခြစ်နဲ့ခြစ်ပြီး အုန်းသီးမှုန့်များကို ရေနွေးပူပူလေး နဲနဲခြင်းလောင်းပြီး နယ်ပါ
- ရေနွေးကို နည်းနည်းခြင်းဘဲ ထည့်ပြီးနယ်လိုက် အရည်ကိုယူလိုက် လုပ်ပေးပါ
- ရေအရမ်း မများစေရန် သတိထားပြီးနယ်ပါ
- ရေများပါက အုန်းဆီချက်လျှင် ကြာတတ်ပါတယ်
- အုန်းနို့များ ထွက်လာပါက အဖတ်များ မပါအောင် အ၀တ်ပါးထဲ ထည့်ပြီး ညှစ်ချပါ
- ရလာသော အုန်းနို့ကို ဆီထမင်းစားဇွန်း ၅ဇွန်းခန့်ထည့်ပြီး အုန်းဆီဖတ်လေး ဥလာတဲ့အထိ အုန်းဆီရအောင် ချက်ပေးထားပါ
- Ready made အုန်းနို့ဗူးကို သုံးပါက အုန်းနို့ကို အိုးထဲပြောင်းထည့်ပြီး ဆီထမင်းစားဇွန်း ၅ဇွန်းထည့်ပြီး အုန်းဆီဖတ်လေးများ ရတဲ့အထိ ချက်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ထားပါ။
အကြွတ်ကြော် ကြော်ရန်
- ဒယ်အိုး ခပ်ကြီးကြီးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပြီးမှ ဆန်ပြားများကို ထက်ဝက်ပိုင်းပြီး အနည်းငယ်စီ ထည့်ကြော်ပါ
- ထည့်ပြီးတာနဲ့ အကျက်ညီစေရန် အထက်အောက် ၂ချက်လောက် လှန်ပေးပါ
- ဆန်ပြားများ ပွတက်လာတာနဲ့ ခပ်မြန်မြန်လေး ဆယ်ပေးပါ
- ထိုနည်းအတိုင်း ဆန်ပြားကြော်ကို လိုသလောက်ကို ကုန်အောင် ကြော်ပေးပါ
- ခေါက်ဆွဲခြောက် အကြွတ်ကြော်ကိုလဲ အထက်ပါ နည်းအတိုင်း ဆီထဲ မိနစ်ဝက်လောက် ထည့်ပြီးပြန်ဆယ်ကာ ဆီစစ်ထားပါ
ဟင်းရည်ချက်ရန်
- ကုလားပဲ အစိမ်းမှုန့်ကို ရေ 2 cups နှင့် ပျော်သွားအောင် ဖျော်ပေးပါ
- ပဲများကျေပြီး ပျော်သွားပါက မီးဖိုပေါ်တင်ပြီး အဆက်မပြတ် မွှေပေးပါ
- ၅မိနစ်လောက် မွှေပေးပြီးပါက ပဲရည်များ ပြစ်လာပြီဆိုရင် ဆီသတ်ထားသော ပုဇွန်ကို ဟင်းရည်အိုးထဲကို ထည့်ပေးပါ
- ပြီးတာနဲ့ အုန်းနို့နှင့် အခွံခွာထားသော ကြက်သွန်နီ ဥလေးများကို ထည့်ပေးပါ
- ထိုအိုးထဲကို ရေ 15 cups ထည့်ပြီး ဆား ငံပြာရည် သကြားတို့ထည့်ကာ ဟင်းရည်ဆူအောင် တည်ပေးပါ
- ဟင်းရည်ဆူကာ ကြက်သွန်ဥလေးများ နူးပါက အပေါ့အငံမြည်းပြီး မိမိစိတ်ကြိုက် အရသာရလာအောင် ပြင်ပေးပါ
- ပြုပ်ပြီးသား ဘဲဥနှစ်လုံးကို အခွံခွာပြီး ပါးပါးလှီးထည့်ကာ မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ။
တစ်ပွဲစာပြင်ရန်
- ကြက်သွန်နီကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ နောက်ထပ် ရေတစ်ထပ် ထပ်ဆေးထားပါ
- ဘဲဥကို ပြုပ်ထားပြီး အနေတော် လှီးထားပေးပါ
- ငရုတ်သီးအလှော်မှုန့် လိုသလောက် ထည့်ပေးပါ
- သံပုရာသီးကို အစိတ်လေးများ စိတ်ထားပေးပါ
- ငရုတ်သီးအလှော်မှုန့်ကို ပြင်ထားပေးပါ
- အကြွတ်ကြော်ကို ပြင်ထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး လှီးထားပေးပါ
- နန်းပြားဖတ်ကို ပြင်ထားပါ
- အကြော် ငါးဖယ်ကြော်တို့ကို နှစ်သက်ပါက ပြင်ထားပေးပါ
- ပန်းကန်တခုထဲ နန်းပြားဖတ်ထည့်ကာ အားလုံးကို အနည်းငယ်စီ ထည့်ပေးထားပြီး ဟင်းရည်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment