မာမာ့သမီးလေးအကြိုက် မှိုဟင်းချိုလေးပါ မှိုဆိုရင် ကြော်ကြော်ချက်ချက် ဘယ်လိုလုပ်လုပ် သူကြိုက်တတ်လို့ မျိုးစုံအောင် ချက်ကျွေးဖြစ်ပေမဲ့ ဒီနေ့တော့ ကြယ်သီးမှိုဟင်းချိုလေး တင်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
- ရေဆေးသန့်စင်ကာ အနေတော် လှီးထားသော မှို - 450 g
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံမရှိတစ်ရှိ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနည်းငယ်
- သံပုရာသီး - တစ်စိတ်
ပြင်ဆင်ပုံ
- ဆီကိုမီးအပူပေးပါ ဆီပူလာပါက မီးကို အနေတော်လောက်လျော့ပြီး နနွင်းမှုန့်ထည့်ပေးပါ
- ကြက်သွန်ဖြူကို မွှေးလာအောင် ဆီသတ်ကာ မှိုနှင့်ဆားကို ထည့်ကြော်လိုက်ပါ
- တမိနစ်လောက် ကြော်ပြီးတာနဲ့ရေ တရုတ်ဟင်းရည်သောက် ပန်းကန်တလုံးခွဲစာ ထည့်ပြီး ဆူအောင်တည်ပါ
- ဟင်းရည်ဆူလာပါက ငရုတ်ကောင်းမှုန့်ခပ်ပြီး ဟင်းပွဲပြင်ပေးပါ
- ဟင်းရည်ပန်းကန်ထဲ ကြက်သွန်နီနှင့် သံပုရာရည်ထည့်ကာ ဟင်းရည်ပူပူ မွှေးမွှေးလေး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment