Saturday 2 May 2015

မုန့်ဟင်းခါး မွှေးမွှေးလေး







မုန့်ဟင်းခါးချက်ဖို့ ငါးဆီသတ်နည်းလေး http://mmlazp.blogspot.com.au/2015/04/blog-post_98.html ဒီနေရာမှာ  တင်ပေးပြီးတာ ကြာနေပြီမို့ ဒီနေ့တော့ ဟင်းရည်ချက်နည်းလေး ရေးပေးလိုက်ပါတယ် ငါးဆီသတ်လေး အဆင်သင့် ဖြစ်နေပြီဆိုရင် မုန့်ဟင်းရည် ချက်ဖို့က အရမ်းကို လွယ်သွားပါပြီ။

ဟင်းရည် ချက်နည်းလေးဘဲ ရေးပေးလိုက်တာမို့လို့ မုန့်ဟင်းခါးနှင့် တွဲဖက်စားရန် အကြော် ပဲသီး ပဲပင်ပေါက် နံနံပင် ခရမ်းချဉ်သီး ဂွေးချဉ်သီး ရှမ်းနံနံ သံပုရာသီး ငရုတ်သီးအလှော်မှုန့် ငါးဖယ်ကြော် ပူစီနံတို့ကိုလဲ နှစ်သက်သလို ပြင်ပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ ( မိသားစု ၄ယောက်စာအတွက် )

  1. မုန့်ဖတ် - တစ်ကီလို
  2. ငါးဆီသတ်ပြီးသား - လက်ဖက်ရည် အကြမ်းပန်းကန် - တစ်လုံးမောက်မောက် (ဖိထည့်ပေးပါ)
  3. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. မြေပဲလှော်ပြီးသား - ထမင်းစားဇွန်း သုံးဇွန်း
  7. ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၇ဇွန်း
  8. ကြက်သွန်နီ - အလုံးသေး ၁၀လုံး
  9. ငှက်ပျောအူ - မိမိနှစ်သက်သလောက်
  10. ကြက်ဥ - ၇လုံး
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  12. ငါးငံပြာရည်- ထမင်းစားဇွန်း လေးဇွန်း
  13. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. နံနံပင် - မိမိနှစ်သက်သလောက်
  16. ပဲသီး - မိမိနှစ်သက်သလောက်
  17. ပူစီနံ - မိမိနှစ်သက်သလောက်
  18. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  19. ခရမ်းချဉ်သီး - မိမိနှစ်သက်သလောက်
  20. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  21. သံပုရာသီး - မိမိနှစ်သက်သလောက်
  22. ရေ - နှစ်ခွက် (ဆန်မှုန့် အရည်ဖျော်ရန်)
  23. ရေ - ၂၀ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ဟင်းရည်ချက်ရန်
  24. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂၀မွှာ (ဆီချက်ချက်ရန်)
  25. ဆီ - မုန့်လုပ်ရာတွင် ချင်သောခွက် သုံးဗူးစာ (ဆီချက်ချက်ရန်)
  26. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီချက်ချက်ရန်)
ကုလားပဲခြမ်းပြုပ်ရန်

  1. ကုလားပဲခြမ်းကို ရေစင်အောင်ဆေးပြီး အိုးတစ်လုံးထဲကို ထည့်ပေးပါ
  2. ထိုအိုးထဲမှာ ပဲအထက် ရေလက်သုံးလုံးလောက်နှင့် ဆား နနွင်းမှုန့်တို့ထဲ့ပြီး ပဲကိုပြုပ်ပေးပါ
  3. ပဲအိုးထဲမှ ရေခမ်းသွားပြီး ပဲနူးသွားပါက မီးပိတ်ပြီး အအေးခံထားပါ
  4. ပဲများအေးသွားပါက ပဲများကျေသွားအောင် ချေပေးပြီး ဇကာတိုက်ပြီး စစ်ပေးထားပါ။
ဟင်းရည်အိုးတည်ရန်
  • မြေပဲကို မညက်တစ်ညက် ထောင်းထားပါ
  • ငရုတ်ကောင်းကို မွှေးလာအောင် လှော်ပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • ဆန်မှုန့်ကို ရေ နှင့် ဖျော်ထားပါ
  • ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့်နှင့် ငါးငံပြာရည်ဆို့ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ငှက်ပျောအူကို အကြောသင်ပြီး ခပ်ပါးပါးလှီးကာ နနွင်းရည်မှာ စိမ်ထားပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • ကြက်ဥ နှစ်လုံးကို ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ ဆား ငါးငံပြာရည် မြေပဲထောင်း အချိုမှုန့် ငါးဆီသတ်နှင့် ပဲအနှစ်များကို ထဲ့ပေးပြီး မီးဖိုပေါ်တင်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက အရည်ဖျော်ထားသော ဆန်မှုန့် ငှက်ပျောအူနှင့် ကြက်သွန်နီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
  • ဆန်မှုန့်များ အနည်ထိုင်ပြီး အိုးမက်စေရန် မကြာမကြာ မွှေပေးပါ
  • ငှက်ပျောအူများ နူးလာပါက လှီးထားသော ကြက်ဥများနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပေးပါ။
  • ဟင်းရည် ခပ်ပြစ်ပြစ် မကြိုက်ပါက ရေနွေးဆူပြီးသားကို လိုသလောက် ထပ်ရောပြီး အရသာကို အနည်းငယ် ပြင်ပေးနိုင်ပါတယ်။
  • ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ပြီး ချက်နိုင်သလို ထဲ့မချက်လဲ ရပါတယ်
  • ဆန်လှော်မှုန့်မရှိက ရွှေကြည်အလှော်မှုန့်ကို ဆန်မှုန့်အချိုးအစားထက် နည်းနည်းလျော့ထည့်ပြီး ထည့်ချက်နိုင်ပါတယ်။
ဆီချက်ချက်ရန် (မုန့်ဟင်းခါးထဲ ထည့်စားရန်)
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး ကြက်သွန်ဖြူထောင်းကို ထဲ့ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မွှေမွှေပေးပါ
  • ကြက်သွန်အားလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးကာ အအေးခံထားပေးပါ
  • ဆီနှင့် ကြက်သွန်ကြော်များ အေးသွားပါက ပန်းကန်တစ်ခုထဲမှာ ရောထဲ့ပေးထားပါ။
မုန့်ပွဲပြင်ဆင်ရန်
  • မုန့်ဖတ်နှင့် ဟင်းရည်တို့ကို ပြင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
  • ပဲသီးကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပေးပါ
  • ပူစီနံကို ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပေးပါ
  • ကြက်ဥကို အခွံခွာပြီး ထက်ဝက်ခြမ်းထားပေးပါ
  • မိမိနှစ်သက်ရာ အကြော်တို့ကို ပြင်ထားပေးပါ
  • ကြက်သွန်ဖြူဆီချက်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ မုန့်ဖတ်နှင့်အတူ မိမိနှစ်သက်ရာတို့ကို အနည်းငယ်စီ ထဲ့ပေးပြီး မုန့်ဟင်းရည်ဆမ်းကာ မိမနှစ်သက်သလို စားသုံးနိုင်ပါပြီ။
မှတ်ချက် ။ ။ အငံအရသာကိုတော့ မိမိတို့စိတ်ကြိုက် ထဲ့ပေးနိုင်ပါတယ် မာမာကတော့ အငံအရသာ ခပ်ပေါ့ပေါ့စားတဲ့အတွက် အငံအရသာကို လျှော့ပေးပြီး ချက်ထားပါတယ်။

No comments:

Post a Comment