Thursday 13 November 2014

ကြက်သားကင်


သံလွင်ဆီ မွှေးမွှေးလေးနဲ့ကင်ထားတဲ့ ကြက်ရင်ပုံသား ကင်လေးပါ ဟင်းချက်စရာတွေ စဉ်းစားရတဲ့ တနေ့တာအတွက် ဒီနေ့တော့ ညထဲက အရသာနယ်ပြီး နှပ်ထားတဲ့ ကြက်ရင်ပုံသားလေးကို Grill Panလေးနဲ့ ကင်လိုက်ပါတယ်။

မကင်ခင် အသားကို Garlic Powder, Ginger Ground ဆား နနွင်းမှုန့် အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့နဲ့အရသာ၀င်အောင် ဆုတ်ဆုတ်နယ်ပေးပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ်ထားပြီးမှ ကင်ထားတာလေးပါ။

ရေခဲသေတ္တာမရှိလို့ အဆင်မပြေရင်လဲ နာရီ၀က်လောက်နှပ်ပြီး ကင်ရင်ရသလို Garlic Powder ,Ginger Ground တို့ အဆင်သင့် မရှိရင်လဲ လတ်လတ်ဆတ်ဆတ် ချင်းနဲ့ကြက်သွန်ဖြူတို့ကိုထောင်းပြီး အရသာ နယ်လို့ရပါတယ်။

ပါ၀င်ပစ္စည်းများ

ရေစင်အောင်ဆေးထားသော ကြက်ရင်ပုံသား - 200 g
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
Garlic Powder - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
Ginger Ground - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
သံလွင်ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
ကြက်ရင်ပုံသားကို ဆား နနွင်း အရသာမှုန့်Garlic Powder,Ginger Groundတို့နဲ့နယ်ပြီး နှပ်ထားပေးပါ
Grill Pan ကို အပူပေးပြီး သံလွင်ဆီ ထမင်းစားဇွန်း၂ဇွန်းလောက်ထဲ့ပေးပါ
အရသာနယ်ထားသောကြက်သားကို သံလွင်ဆီနှင့်နှံ့အောင်သုတ်ထားပေးပါ
ဆီပူလာတာနဲ့ မီးကိုအနေတော်သို့ လျှော့ပေးပြီး ကြက်သားကိုကင်ပေးပါ
ကင်နေစဉ် အသားမကျွမ်းရအောင် ခနခနလှန်ပေးပြီး ဆီသုတ်သုတ်ပေးပါ
တစ်တုံးလုံး နီရဲလာပါက ကြက်သားကို အိုးထဲမှဆယ်ယူလိုက်ပါ
အိုးထဲမှာ ကျန်နေသောဆီနှင့် နှစ်သက်ရာ အသီးအရွက်တို့ကို ကင်ကာ ကြက်ကင်နှင့် တွဲဖက်စားသုံးနိူင်ပါတယ်။

1 comment:

  1. ကြက်ရင်ဘုံသားကင်လေး ကြည့်တာနဲ့တင် မွှေးပြီးစားချင်စရာ မာမာရေ။
    တစ်ခါတစ်ရံ ဆီချက်သတ်ဟင်းကို မစားချင်တဲ့အခါမျိုး တီတင့်လဲမာမာ့လိုလုပ်စားတယ်..

    ReplyDelete