Saturday 15 November 2014

ဆီထမင်း


မာမာ အကြိုက်ဆုံး အစာတခုပါ မာမာတို့ငယ်ငယ်က အိမ်မှာ မိသားစုဝင်တွေ များပါတယ် မောင်နှစ်မတွေအပြင် အဖေဘက် အမေဘက်က အမျိုးတွေလဲ အိမ်မှာနေကြတာမို့ ဆီထမင်း တခါထိုးရင် ၂ပြည်လောက်ထိုးရပါတယ် ။

အမေက ဒီနေ့ဆီထမင်း ထိုးစားကြမယ်လို့ ပြောလိုက်တာနဲ့ ရှေ့ဆုံးက ပန်းကန်ကိုင်ပြီး စောင့်နေသူက မာမာပါဘဲ အမေ့အနားကပ်ပြီး ဆီထမင်းချိုး ရအောင်ကပ်ပြီး တောင်းတာကလဲ မာမာပါဘဲ။

အခုတော့ အဝေးဆုံးကို နုတ်မဆက်ဘဲ ထွက်သွားတဲ့ အမေ့ကိုလဲလွမ်းတယ် တယောက်တပေါက်နဲ့ဆူလကျွက် မန်လကျွက်နဲ့ စကားတွေလုလု ပြောရတဲ့ မောင်နှစ်မတွေကိုလဲ လွမ်းနေမိရင်းက အလွမ်းပြေစားရတော့မဲ့ ဆီထမင်း ထိုးနည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းသုံးပုံတစ်ပုံ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်နီ - အနေတော် ၅ဥ
  7. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  8. နှမ်းလှော်ဆားထောင်း
  9. ကြက်သွန်နီဆီချက်
  10. အုန်းသီးစိတ်
  11. ငါးခြောက်

ပြင်ဆင်ပုံ
  • ပထမဆုံး ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ ကောက်ညှင်းဆန်ကိုထည့်ပြီး ဆန်သားကြည်လာတဲ့အထိ ကြော်ပေးပါ
  • ဆန်သားကြည်လာတာနဲ့ ရေ ဆား အရသာမှုန့် နှင့် ကြက်သွန်နီတို့ထည့်ပြီးမွှေပေးပါ
  • ပြီးတာနဲ့ရေထည့်ပြီး အဖုံးအုပ်ပြီး ဆက်တည်ထားပေးပါ
  • အောက်ချေမကပ်သော အိုးနှင့်ဆီထမင်း ထိုးပါက ရေခမ်းလာရင် ဆီထမင်းချိုးရအောင် မီးမျှင်းမျှင်းနဲ့ထားပေးပါ
  • ဆီထမင်း ချိုးရလာပါက ငါးခြောက် နှမ်းလှော်ထောင်း ကြက်သွှန်နီဆီချက် အုန်းသီးစိတ်တို့နဲ့ တွဲဖက်ပြီး စားသုံးရန် ဆီထမင်း မွှေးမွှေးလေးကို ပြင်ပေးနိုင်ပါပြီ။

2 comments:

  1. အလွမ်းလေးနဲ့အတူ ဆီထမင်းအိအိလေးအားပေးသွားတယ် မာမာရေ...

    ReplyDelete
  2. ဆီထမင်းဆိုရင်အရမ်းကြိုက်တာပဲ မာမာရေ

    ReplyDelete