ဒီနေ့တော့ အရည်သောက်ဆမ်းလေး တစ်မယ်ပါအောင် မုန်ညှင်းစော အရည်သောက်ဆမ်းလေး ချက်ပါတယ် မုန့်ညှင်းစောဆိုတာက ရှမ်းအစားအစာပါ ချက်နည်းလေး ကွာသွားရင်တော့ နားလည်ပေးစေလိုပါတယ်။
တိုင်းရင်းသား ရိုးရာအစာလေး တစ်ခုဖြစ်ပြီး ရာသီဥတု အေးနေချိန်မှာ အင်မတန်မှ ထမင်းစား မိန်စေတဲ့ အရံဟင်း တစ်မယ်ဆိုလဲ မမှားပါဘူး အဆင်ပြေမယ် ဆိုရင်တော့ ချက်စားကြည့်စေချင်ပါတယ်။
မာမာကတော့ ချဉ်စော်ကားသီး မရှိတဲ့အတွက် အစားထိုးအနေနဲ့ မန်ကျည်းသီးမှည့်ကိုထည့်ပြီး ချက်ထားပါတယ်။
ပါဝင်ပစ္စည်းများ
- မုန်ညှင်းစိမ်း - အနေတော် သုံးစည်း
- ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - ခပ်ကြီးကြီး တစ်မွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- ငရုတ်သီးစိမ်း - စားနိုင်လောက်
- နံနံပင် - အနည်းငယ်
- မန်ကျည်းမှည့်(သို့) ချဉ်စော်ခါးသီးခြောက် - အနည်းငယ်
- ကြံသကာအညို - အနည်းငယ်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
- မုန်ညှင်းရွက်ရဲ့  နုတဲ့အပိုင်းလေးတွေကို အရင်ရွေးပြီး အနေတော် လှီးဖြတ်ပေးထားပါ
- အနည်းငယ်ရင့်သော အရိုးတံရဲ့ အပေါ်ကြောတွေကို ခွာပလိုက်ပြီး အတွင်းပိုင်း နုတဲ့အပိုင်းလေးတွေကို ရွေးယူပြီး လှီးပေးကာ ပြီးတာနဲ့ ရေဆေးပြီး ရေစစ်ထားပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေူကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ထားပါ
- ချင်းကို အခွံခွာပြီး ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ငရုပ်သီးစိမ်းကို ရေဆေးပြီး အညှာဖြုတ်ကာ အတောင့်လိုက် ထက်ခြမ်းခြမ်း ပေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးထဲမှာ မုန်ညှင်းရွက်နှင့်အတူ ပါးပါးလှီးထားတဲ့ကြက်သွန်နီ ထောင်းထားသော ကြက်သွန်ဖြူ ခပ်ပါးပါး လှီးထားတဲ့ ခရမ်းချဉ်သီး ဆား အရသာမှုန့် ကြံသကာ တို့ကိုထည့်နယ်ပေးပါ
- ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး အပူပေးပါ
- အဖုံးကို မဖွင့်ဘဲ အပူငွေ့နဲ့ မုန်ညှင်းတွေကို နူးအိအောင် လုံးချက် ချက်ပေးပါ
- အိုးထဲမှ မုန်ညှင်းများ အရောင်ပြောင်းပြီး နူးအိလာတာနဲ့ ရေအနည်းငယ် ထည့်ပေးပါ
- ရေဆူလာတာနဲ့ ရေစိမ်ထားသော မန်ကျည်းမှည့်ရည်ကို အရည်စစ်ပြီး ထည့်ပေးပါ
- ရေအများကြီး ထည့်စရာ မလိုတဲ့အတွက် ရေစပ်ကျဉ်းလေးဘဲ ထည့်ပေးကာ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
- စားခါနီး ဟင်းပွဲမပြင်ခင် ပူနေသော ဟင်းရည်ထဲသို့ ငရုတ်သီးစိမ်း လှီးထားသော ချင်း နံနံပင်တို့ ထည့်မွှေပေးကာ ချိုချို ချဉ်ချဉ် စပ်စပ် ပူပူရှိန်းရှိန်းလေးနဲ့ မွှေးပြီးအရသာ ကောင်းလွန်းတဲ့ မုန့်ညှင်းစော အရည်သောက်ဆမ်းကို ကြက်ကြော် ဘာလချောင် အစပ်ကြော်တို့နှင့်အတူ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment