Thursday 19 January 2017

နန်းကြီးသုပ်











မြန်မာပြည်မှာလို လမ်းထိပ်ထွက်လိုက်တာနဲ့ စားချင်တာလေး ၀ယ်စားလို့ မရလေတော့ အိမ်မှာဘဲ အပင်ပန်းခံပြီး စားစရာ သောက်စရာတွေကို ပြင်ဆင်ရပါတယ်။

ဒီနေ့တော့ ကြက်သားဟင်းကို အနှစ်များများနဲ့ ချက်ဖြစ်တာနဲ့ ပဲအရည်သောက်လေးချက်ကာ နန်းကြီးသုပ် သုပ်စားဖြစ်လို့ မာမာပြင်ဆင်ပြီး အသုပ်သုပ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. နန်းကြီးမုန့်ဖတ်အစို - တစ်ကီလိုခွဲ
  2. ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း (ဆီများများ မကြိုက်ပါက လျှော့ထည့်ပါ)
  3. ဆန်ပြားအခြောက် - အနည်းငယ် (အကြွတ်ကြော်ရန်)
  4. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  6. ကြက်အရိုးအသား တွဲနေသော ရင်ပုံသား  - 500 g
  7. ဆား - လိုသလောက်
  8. ဟင်းချိုမှုန့် - လိုသလောက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း( ကြက်သားဆီသတ်ရန်နှင့် ပဲဟင်းရည်ထဲထည့်ရန်)
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း
  12. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  13. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ငါးဇွန်း
  14. သံပုရာသီး - နှစ်လုံး
  15. ကြက်ဥ - ခြောက်လုံး

ကြက်သားပြုပ်ရန်
  • ကြက်ရင်ပုံသားကို ရေဆေးကာ ဇောက်နက်သော အိုးတစ်လုံးမှာ ထည့်ထားပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်ရင်ပုံသား ထည့်ထားသော အိုးထဲမှာ ချင်း ဆား အချိုမှုန့်တို့ကိုထည့်ပြီး ကြက်သားကို အရသာဝင်အောင်နယ်ပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  • ကြက်သားပြုပ်အိုး ရေခမ်းတာနဲ့ဆယ်ပြီး အအေးခံပေးကာ အရိုးနှင့် အသားကို ခွာပေးပါ
  • ကြက်ပြုပ်အိုးထဲမှာဘဲ အချိုမှုန့် ဆားနှင့် ကြက်ရိုးများကို ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြုပ်ပေးပါ
  • အအေးခံထားသော ကြက်သားအေးလာပါက အသားကို ခပ်မွမွ အမျှင်လေးတွေ ဖြစ်အောင် နွှင်ထားပါ
ကြက်သားဟင်း ဆီသတ်ရန် ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာထားပြီး ရေဆေးထားပါ
  • ကြက်သွန်နီ နှစ်လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ပြီးတာနဲ့ ငရုတ်သီး အရောင်တင်မှုန့်နှင့် ကြက်သွန်ဖြူ  ကြက်သွန်နီတို့ကို ညက်နေအောင် ထောင်းပေးပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ကာ ထောင်းထားသော ငရုတ်သီထောင်းကိုးထည့်ကာ မွှေးလာအောင် ဆီသတ်ပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ အသားမွှထားသော ကြက်သားနှင့်ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ကို ထည့်မွှေပါ
  • ဆီသတ်ထားသော ကြက်သားဟင်း ဆီပြန်လာပါက မီးပိတ်ထားပေးပါ
အကြွတ်ကြော် ကြော်ရန်
  • ဒယ်အိုးထဲကို ဆီများများထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပြီးမှ ဆန်ပြားကို နည်းနည်းချင်း ထည့်ကြော်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အထက်အောက် လှန်ပေးပြီး ပွပြီးကြွတ်လာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ပဲဟင်းရည်ချက်ရန်
  • ကြက်ရိုးပြုပ်ထားသော ဟင်းရည်အိုးကို နနွင်းမှုန့်ထည့်ပြီး ရေဆူအောင် တည်ပေးထားပါ
  • ပဲအစိမ်းမှုန့်ကို ရေအနည်းနှင့် ပျော်အောင်ဖျော်ထားပါ
  • ပွက်ပွက်ဆူနေသော အရိုးပြုပ်အိုးထဲကို အရည်ဖျော်ထားသော ပဲမှုန့်ကိုထည့်ပြီး မွှေပေးပါ
  • ပဲအနှစ်များ ခဲမသွားစေရန် ပဲအရည်ထည့်ပြီးတာနဲ့ ပဲများဥလာတဲ့အထိ ဆက်တိုက်မွှေပေးပါ
  • ပဲများအနှစ် တက်လာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ မီးနွေးနွေးနှင့် တည်ထားပေးပါ
ကြက်ဥပြုပ်ရန်
  • ဇောက်နက်သော အိုးထဲမှာ ကြက်ဥကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ 
  • ပြုပ်ချိန် ဆယ်မိနစ်လောက် ရတာနဲ့ အအေးခံပြီး အခွံခွာခားပါ 
လိုအပ်သည်များ ပြင်ထားရန်
  • နန်းကြီးဖတ်ကို ရေနွေးနှင့်ဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်နီ တစ်လုံးကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလှီး၍ ရနှေင့် ထပ်ဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • အကြွတ်ကြော်ကို ပြင်ထားပါ
  • ပဲအကျက်မှုန့်ကြက်သားဟင်း ငါးငံပြာရည်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  • နံနံပင် သို့မဟုတ် ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်ဥကို အခွံခွာပြီး အနေတော် လှီးထားပါ
စားပွဲပြင်ရန်
  • ဇလုံပန်းကန် တစ်ခုထဲတွင် တစ်ပွဲစာ နန်းကြီးမုန့်ဖတ် ကြက်သားဟင်းအဖတ်နှင့်ဟင်းအနှစ် ပဲအကျက်မှုန့် ပါးပါးလှီးထားသော ကြက်သွန်နီ အနည်းငယ် ငရုတ်သီးအလှော်မှုန့် ကြက်ဥ သံပုရာရည်တို့ကို ခပ်ဖွဖွ ထည့်နယ်ပေးပါ
  • ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  နန်းကြီးသုပ်ကို ပန်းကန်တစ်ခုထဲ ထည့်ပေပါ
  • အသုပ်အပေါ်မှ အကြွတ်ကြော် ထည့်ပေး၍ ပဲဟင်းရည် ပူပူလေးနှင့် သုံးဆောင်ရန် ပြင်ပေးပါ။

No comments:

Post a Comment