တစ်ခါတစ်ရံ ထမင်းစားချင်စိတ် မရှိတဲ့ အချိန်မျိုးမှာ ငါးရံ့ဆန်လှော်ပြုပ်လေး သောက်ချင်စိတ် ပေါ်လာတာနဲ့ ငါးရံ့ကို အသားနွှင်ပြီး ဆန်ပြုပ် ပြုပ်ဖြစ်သွားတာနဲ့ ဆန်လှော်ဆန်ပြုပ် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
မာမာ အခုပြုပ်တဲ့ အချိုးအစားက မိသားစု နည်းတဲ့သူတွေအတွက် အနည်းငယ် များပါတယ် မိသားစု နည်းရင်တော့ ဆန်ကို အနည်းငယ် လျှော့ပြီးပြုပ်ပေးနိူင်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ငါးရံ့ - အနေတော် တစ်ကောင်
- ကြက်သွန်နီ - ဥအသေး ဆယ်လုံး (ဆန်ပြုပ်ထဲထည့်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း လေးဇွန်း ( ဇွန်းတစ်၀က်ကို ငါးဆီသတ်တဲ့အထဲထည့်ရန်)
- နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ဥ (ငါးဆီသတ်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ငါးဆီသတ်ရန်)
- ကြက်သွန်မိတ် - အပင်ကြီးကြီး သုံးပင်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်းခွဲ (တစ်၀က်ကို ငါးပြုပ်ထဲ့ထည့်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီးလေးမွှာ (ဆန်ပြုပ်ထဲထည့်ရန်)
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
ဆန်လှော်ပုံ
- ဒယ်အိုးထဲမှာ ဆန်ထည့်ပြီး မီးအနေတော်နဲ့ လှော်ပေးပါ
- ဆန်လှော် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
- ဆန်လှော်များ ညိုရောင်သန်းလာပြီး မွှေးလာပါက မီးပိတ်ပေးထားပါ
ငါးရံ့အသားလွှာပုံ
- ငါးရံ့ကို အကောင်လိုက် အကြေးခွန်ထိုးပြီး ဗိုက်ခွဲကာ မလိုတာတွေဖယ်ပြီး အကောင်လိုက် ရေဆေးပေးပါ
- အကောင်လိုက် ရေဆေးထားသော ငါးရံ့ကို ကြောဖက်မှ လွှာပေးကာ အရိုးများ မပါအောင် အသားလွှာပေးပါ
- အသားလွှာထားသော ငါးအသားပြားကို ခပ်သေးသေးလေးတွေ တုံးထားပေးပါ
ကြက်သွန်ဖြူ ဆီချက်ချက်နည်းကို ဒီမှာကြည့်လို့ ရပါတယ် https://mmlazp.blogspot.com/2019/09/blog-post_63.html
ဆန်ပြုပ်ရန် ပြင်ဆင်ပုံ
- ဇောက်နက်သော အိုးထဲမှာ ဆန်လှော်ကို ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
- ဆန်လုံးများ ကျေလာတဲ့အထိ ပြုပ်ပေးပါ
- ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်နီ အနေတော် တစ်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူ အမွှာကြီးကြီး နှစ်မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်ဖြူ အမွှာကြီးကြီး လေးမွှာကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောပြီးထောင်းထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
- ကြက်သွန်ဖြူ ဆီချက်ကို ပြင်ထားပါ
- ဆန်ပြုပ်နေတုံး ဒယ်အြိးထဲမှာ ဆီနှင့် နနွင်းမှုန့်ထဲ့ကာ အပူပေးပြီး လှီးထားသော ကြက်သွန်နီ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ
- ကြက်သွန်များ ပျော့ပြီး မွှေးလာပါက ငါးအသားများကိုထည့်ပြီး ၅မိနစ်လောက် ဆီသတ်ပြီး မီးပိတ်ပေးထားပါ
- ပြုပ်ထားသော ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
- ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
- ဆန်များနူးလာပြီ ဆိုပါက ရေကိုတရုတ်ဟင်းပြင်ပန်းကန် ၆လုံးစာလောက်ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ငါးဆီသတ်ကို ထဲ့ပြုပ်ပေးပါ
- ဆားနှင့် အရသာမှုန့်နှစ်ဇွန်းကိုထဲ့ပြီး အရသာ မြည်းပေးပါ
- မိမိ စိတ်ကြိုက် လိုအပ်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက ထောင်းထားသော ကြက်သွန်ဖြူ ငရုတ်ကောင်းတို့ကိုထဲ့ပြီးတာနဲ့ ဆန်လှော်ဆန်ပြုပ် ရပါပြီ
- ဆန်ပြုပ်ကို ပူပူလေး သောက်ရအောင် မီးနွေးနွေးနဲ့ တည်ထားပါ
- ဆန်လှော်ဆန်ပြုပ်ကို ပန်းကန်လုံးထဲမှာ မိမိ လိုသလောက် ထဲ့သောက်ကာ သောက်ကာနီးမှ ကြက်သွန်ဖြူဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပြီး သောက်နိူင်ပါပြီ။
No comments:
Post a Comment