Friday 13 January 2017

ကြက်ရိုး ကရင်သုပ်


ဒီအသုပ်လေး သုပ်စားမိတိုင်း သတိရမိတာက ကရင်ပြည်နယ်မှာ နေခဲ့ရတဲ့ နှစ်တွေပါဘဲ ဆေးရုံက ၀န်ထမ်း အမတစ်ယောက် အိမ်လာလည်တိုင်း ကရင်စာ တစ်ခုမဟုတ် တစ်ခုတော့ လုပ်ပေးတတ်ပါတယ်။

သူလုပ်ပေးတာလေး တွေက အရမ်းတန်ဖိုး မကြီးပေမဲ့ တိုင်းရင်းသား အစာလေးတွေလဲဖြစ်လို့ စားဖြစ်တိုင်း တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်ခဲ့ရသလို သူလာလည်တိုင်း လုပ်ကျွေးတတ်တဲ့ အစားအသောက် အရသာလေးတွေက အခုထိတိုင် အမှတ်ရနေဆဲပါ။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်ရိုး ကရင်သုပ်လေး သုပ်စားပလိုက်ပါတယ် ရှူးရှူးရှဲရှဲနဲ့ စားလို့မြိန်စရာ ကောင်းလွန်းတဲ့အတွက် ကြက်ရိုးကရင်သုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်တောင်ပံရိုး - 300 g
  2. ချင်းတက် - လက်တစ်ဆစ်ခန့်
  3. စပါးလင် - တစ်ထွာသာသာ တစ်ချောင်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  5. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး (မီးဖုတ်ရန်)
  6. သခွားသီး - အနေတော် တစ်လုံး
  7. ကြက်သွန်နီ - အနေတော် တစ်လုံး (အသုပ်ထဲထည့်ရန်)
  8. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  9. ငရုတ်သီးအကျက်မှုန့် - စားနိုင်သလောက်
  10. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  11. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ကြက်ရိုးများကို ရေစင်အောင်ဆေးပြီး ဆား ဟင်းခတ်မှုန့် ငံပြာရည် နနွင်းမှုန့်တို့ဖြင့် သမအောင်နယ်ပြီး ၁၅မိနစ်ခန့် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  • သခွားသီးကို ရေဆေးပြီး ခပ်သေးသေး အမြှောင်းလေးတွေ လှီးပေးပါ
  • ကြက်ရိုးများ နှပ်ထားတုန်း ပုဇွန်ငါးပိကို မီးကင်ပေးထားပါ
  • ကြက်သွန်နီကိုလဲ အခွံမခွာဘဲ အလုံးလိုက် မီးဖုတ်ထားပေးပါ
  • ချင်းကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • စပါးလင်ကို ရေဆေးပြီ ထုထားပေးပါ
  • ကြက်သွန်ဖြူ  ငရုတ်သီးစိမ်း နှင့် ငရုတ်သီး အကျက်မှုန့်တို့ကို ဒယ်အိုးထဲတွင် ဆီမထည့်ပဲ ဒီအတိုင်း အနံ့မွှေးလာသည်အထိ လှော်ပေးပါ
  •  မီးဖုတ်ပြီးသား ငါးပိ ကြက်သွန်နီ နှင့် လှော်ပြီးသား ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ကို ငရုတ်ဆုံထဲမှာ ရောထည့်ကာ ညက်နေအောင် ထောင်းပေးပါ
  • အရသာ နှပ်ထားသော ကြက်ရိုးများကို ချင်း စပါးလင်များနှင့် ကြက်ရိုးမြုပ်သည်ထိ ရေထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • တရုတ်နံနံကို ရေနွေးနှင့် ဖျောပေးပြီး ရေအေးနှင့်ဆေးကာ အနေတော် လှီးထားပေးပါ
  • ကြက်ရိုးများ ကျက်ပြီဆိုတာနဲ့ စပါးလင်နှင့် ချင်းဖတ်များကို ဖယ်လိုက်ပြီး ကြက်ရိုးများကို အိုးထဲမှ ဆယ်ထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဇလုံတစ်လုံးထဲမှာ ပြုပ်ထားသော ကြက်ရိုးများ သခွားသီး ကြက်သွန်နီနှင့် ထောင်းထားသော အစာများကို ရောထည့်ကာ သမအောင် နယ်ပေးပါ 
  • ပြီးတာနဲ့ အရသာမြည်းကာ သံပုရာရည် အနည်းအငယ် ငရုတ်သီးအလှော်မှုန့် အနည်းငယ်နှင့် တရုတ်နံနံတို့ထည့်ပြီး သမအောင် မွှေပေးပါ
  • အားလုံးပြီးတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ကြက်ရိုးကရင်သုပ် ချဉ်ငံစပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment