Thursday 26 January 2017

မုန့်ညှင်းရွက် ချဉ်ရည်ဟင်း




ထမင်းစားလို့ မကောင်းတဲ့ အချိန်လေးတွေမှာ စားချင်တာက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ဒီနေ့တော့ မုန့်ညှင်းရွက်နဲ့ချဉ်ရည်ဟင်းချက်ကာ ငါးပိချက်လေးချက်လို့ ထမင်းစားလို့ မြိန်နိုင်အောင် ချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုန့်ညှင်းရွက်  - ငါးပင်ပါ တစ်စည်း
  2. ကြက်သွန်နီ - တစ်ခြမ်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်၏ တစ်ဝက်
  5. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. မကျည်းသီးမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ပုဇွန်ထုတ်  - ၇ကောင်
  13. နံနံပင် - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. မုန့်ညှင်းပင်ကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  3. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းအခွံနှင့် ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပေးပါ
  4. ဇောက်နက်သော အိုးထဲမှာ ပုဇွန် မုန့်ညှင်းရွက်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  5. အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  6. ရေဆူလာတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  7. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  8. ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့ နံနံပင်အုပ်ကာ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ  မီးပိတ်ပေးပါ။

No comments:

Post a Comment