ဒီနေ့တော့ ကြက်သားပြုပ်ထားတာလေးတွေနဲ့ ခရမ်းသီးနှပ်ဖို့ ပြင်ပါတယ် ငါးပိရည်ဖျော် စပ်စပ်လေးနဲ့ အင်မတန်မှ လိုက်ဖက်တဲ့ ဟင်းတစ်မယ်ပါ ချက်နည်းလေးက လွယ်လွန်းပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခရမ်းသီး - အလုံးကြီးကြီး နှစ်လုံး
- ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ ဥကြီးကြီး - တစ်ဥ
- ပြုပ်ပြီးအသားမွှာထားသော ကြက်ရင်ပုံသား - အနည်းငယ်
- ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
ပြင်ဆင်ပုံ
- ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး လေးစိတ်လှီးပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
- အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ခရမ်းသီးထဲ ၀င်နေသော အရည်များကုန်အောင် ညှစ်ပေးပြီး ရေစစ်ထားပေးပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ဆီ အရသာမှုန့် အသားမွှာအာထားသော ကြက်သားတို့ကို ရောနယ်ပေးထားပါ
- ခရမ်းသီးများကို ဇောက်နက်သော အိုးထဲထည့်ပြီး အစာများထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
- အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
- အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာ နီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
- ခရမ်းသီး နူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေးလေးနှင့် ကြက်သား ခရမ်းသီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment