Wednesday 18 January 2017

အမဲသားကင်





အမဲသားနဲ့ ၀က်သားက အိမ်မှာ မစားရလေတော့ မချက်ဖြစ်တာ များပါတယ် ဒီနေ့တော့ မိတ်ဆွေတွေအတွက် အမဲသားကင်လေး လုပ်ပေးဖြစ်တာနဲ့ ကင်ရတာ လွယ်ကူပြီး စားလို့ကောင်းတဲ့ ကင်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အမဲသား မိုးခိုသား - တစ်ကီလို
  2. ခရုဆီ  - ထမင်းစားဇွန်း ၆ဇွန်း       
  3. ဟင်းချက်ဝိုင် - ထမင်းစားဇွန်းတစ်ဇွန်း
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ပြောင်းဖူး - နှစ်သက်သလောက်
  8. ဘရော့ကိုလီ - နှစ်သက်သလောက်
  9. မုံလာဥနီ - နှစ်သက်သလောက်
  10. ပဲစိမ်းသီး - နှစ်သက်သလောက်
  11. အာလူး - နှစ်သက်သလောက်
  12. သံလွင်ဆီ - အနည်းငယ်
  13. ဆီ - လိုသလောက်

ပြင်ဆင်ပုံ
  • အမဲသားကို ကင်မယ်ဆိုရင် နူးညံ့ပြီး ကင်ရလွယ်တဲ့ မိုးခိုသားကို သုံးတာက အကောင်းဆုံးပါ
  • အမဲသားကို ရေဆေးပြီး လက်နှစ်လုံးလောက် အထူ အတုံးကြီးကြီး လှီးပေးပါ
  • ဆား အရသာမှုန့် ခရုဆီ ငရုတ်ကောင်းမှုန့် ဟင်းချက်ဝိုင်တို့ဖြင့် အရသာနယ်ကာ အနည်းဆုံး ၄နာရီလောက် နှပ်ထားပေးပါ
  • မာမာကတော့ ရေခဲသေတ္တာထဲမှာ တညသိပ် ထားပြီးမှ ကင်ပါတယ်
  • ပြောင်းဖူး ဘရော့ကိုလီ ပဲစိမ်းသီး မုံလာဥနီတို့ကို ရေဆေးပြီး နူးအောင်ပြုပ်ထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် အချောင်းလေးတွေ လှီးထားပါ
  • လှီးထားသော အာလူးချောင်းကို ဆား လက်ဖက်ရည်ဇွန်း သုံးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် သင့်သလိုနယ်ပြီး ခနနှပ်ထားပါ
  • ပြီးတာနဲ့ ဆီပူပူမှာ ကြွတ်နေအောင်ကြော်ပြီး ဆီစစ်ထားပါ
အသားကင်ရန်
  • အသားကင်သည့်အိုး သို့မဟုတ် မကပ်သော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ သံလွင်ဆီ အနည်းငယ်သုတ်ပြီး အကင်အိုးပေါ် တင်ပေးပါ
  • ကင်နေစဉ် အသားခြောက်ကပ်ကပ်ကြီး မဖြစ်စေရန် အရသာနယ်ထားသော အနှစ်များကို အသားကင်ပေါ် သုတ်ပေးပါ
  • မကျက်တကျက် အနေတော် ကြိုက်တာဆိုရင်တော့ တဖက်ကို ၂မိနစ်ခွဲလောက် ကင်ပေးပါ
  • နောက်တဖက်လှန်ပြီး ၂မိနစ်ခွဲလောက် ကင်ပေးပြီးပါက ဆယ်ပေးပါ
  • မကျက်တကျက် မစားရဲပါက တဖက်ကို ၄မိနစ်လောက် ကင်ပေးပါ
  • ကင်ပေးပြီးပြီဆိုတာနဲ့ ပန်းကန်ပြား တခုထဲမှာ အမဲသားကင်နှင့်အတူ အသီးအနှံ အာလူးကြော်တို့ကို နှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment