Sunday 28 August 2016

ငါးအစပ်ကြော် မွှေးမွှေးလေး










ရာသီဥတု အေးစိမ့်နေအောင် ချမ်းနေချိန်မှာ ပူပူစပ်စပ်လေးတွေ စားချင်မိလေတော့ ငါးကိုအစပ်လေး ကြော်ဖို့ပြင်ရပြန်ပါတယ်။

ငါးချင်း ငါးမြစ်ချင်းလိုငါးမျိုးနဲ့ အစပ်ကြော်ရင် ပိုပြီးကောင်းပေမဲ့ အလွယ်တကူရဖို့ မလွယ်တဲ့ငါးမျိုးမို့လို့ အလွယ်တကူရနိုင်တဲ့ ဘာဆာငါးနဲ့ဘဲ ကြော်ပေမဲ့ စားလို့ကောင်းလွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး အသားလွှာ  - 500 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  3. ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း (အစပ်ကြိုက်လျှင် ပိုထည့်ပေးပါ)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  6. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - လိုသလောက်

ပြင်ဆင်ပုံ

  • ဘာဆာငါး ငါးအသား လွှာပြီးသားကို ရေဆေးပြီး ရေစ်ထားပါ
  •  ကြော်နေစဉ် ကျေမသွားစေရန် သင့်တော်သလို ခပ်ထူထူ လှီးပေးပါ
  • လှီးထားသောငါးကို ဆား နနွင်းမှုန့်တို့နှင့် အချိုမှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီး လုံးခြမ်းကွဲကို ပြင်ထားပါ
  • ငါးကြော်စဉ် ဆီပူများ ပေါက်မထွက်စေရန် ဇောက်နက်သော ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာ နယ်ထားသောငါးကို တတုံးခြင်းထည့်ပြီး ကြော်ပေးပါ
  • တဖက်ကျက်မှ နောက်တဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • ငါးတတုံးလုံး ရွှေဝါရောင် ဖြစ်လာတာနဲ့ ဆယ်ထားပေးပါ
  • ဆီအိုးထဲမှာ ဆီထမင်းစားဇွန်း ငါးဇွန်းစာလောက် ချန်ထားပေးပြီး မီးကိုအလယ်လောက်ထိ လျှော့ပေးပြီးမှ ဆီအိုးကို မီးဖိုပေါ် ပြန်တင်ပေးပါ
  • ဆီအိုးအငွေ့တက်လာတာနဲ့ ပါးပါးလှီးထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူ အနည်းငယ် အ၀ါရောင် သန်းလာတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်အပူရှိန်နဲ့ဘဲ ငရုတ်သီး လုံးခြမ်းကွဲကို ထည့်ကြော်ပါ
  • ငရုတ်သီးအနံ့ မွှေးလာတာနဲ့ ငံပြာရည်နှင့် ကြော်ထားသောငါးကို ထည့်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ ငါးအစပ်ခြောက်ကြော် မွှေးမွှေးစပ်စပ်လေးကို ချဉ်ရည်ဟင်းနှင့် ပြင်ပေးကာ ထမင်းပူပူနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment