မာမာ့ရဲ့တပင်တိုင်မင်းသမီး ဘာဆာငါးနဲ့ မျှစ်ချဉ်ကို ဒီနေ့ချက်ပါမယ် မျှစ်ချဉ်နဲ့ အသားရောချက်လေတိုင်း အသားက အရသာနည်းသွားပေမဲ့ မျှစ်ချဉ်က အရသာ အရမ်းရှိတာမို့လို့ မျှစ်ချဉ်ကို ပိုပြီး ထည့်ထားပါတယ် စားမဲ့ လူဦးရေ နည်းရင်တော့ ချင့်ချိန်ပြီး ချက်စေချင်ပါတယ် လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားမြိန်တဲ့ ဟင်းတမျိုးဖြစ်လို့ ချက်စားကြည့်စေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- မျှစ်ချဉ် - 1 kg
- ဘာဆားငါး အသားပြား - 500 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ချင်း - ခပ်ပါးပါး ၃ပြားလောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၄ဇွန်း
- ဆန်ဆေးရည် - မျှစ်ချဉ်မြုပ်လောက်အောင် ယူထားပါ
ပြင်ဆင်ပုံ
- ငါးအသားပြားများကို ရေဆေးပြီး ရေစစ်ထားပါ
- ရေစ်ထားသော ငါးအေသားများကို ခပ်ကြီးကြီးတုံးပေး၍ ဇလုံတစ်လုံးထဲထည့်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့ နှင့် အရသာဝင်အောင် နယ်ထားပါ
- ငါးအသားကို ဟင်းချက်နေစဉ် ကျေမသွားစေရန် ထူထူတုံးပါ
- မျှစ်ချဉ်ကို အချဉ်ပေါ့စေရန်နှင့် အဆိပ်အတောက် ပြေစေရန် ဆန်ဆေးရည်နှင့် မြုပ်အောင်ထည့်၍ တနာရီလောက် စိမ်ထားပြီးမှ ရေဆေးထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
- အရည် သောက်ဆမ်းဟင်း ချက်မှာ ဖြစ်တဲ့အတွက် ငါးအသား ပွယောင်းယောင်းကြီး ဖြစ်မနေစေရန် ငါးကို ဆီသတ်ပေးပြီးမှ ချက်ပါ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး ဆီသတ်ပါ
- ငါးထည့်ပြီးပြီးခြင်း အထက်အောက် အရသာမျှအောင် သုံးလေးချက်လောက် မွှေပေးပါ
- ငါးအသားများ လုံးမိစေရန်နှင့် ငါးအသားများ ကျေမသွားစေရန် အိုးကို တချက်တလေ လှုပ်ပေးပါ
- ငါးအသားများ အရောင်ပြောင်းလာပြီး လုံးမိပြီဆိုတာနဲ့ မျှစ်ချဉ်များထည့်ပြီး ၂ချက်လောက် သမအောင် မွှေလိုက်ပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
- ရေပွက်ပွက်ဆူတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
- မျှစ်ချဉ်က အငံများတဲ့အတွက် အငံအရသာကို ချင့်ချိန်ပြီးထည့်ပေးပါ
- မျှစ်ချဉ်ဟင်းရည် ပထမ တစ်ရည်ခမ်းအောင် တည်လိုက်ပြီး နောက်တစ်ရည် မြုပ်အောင် ထပ်ထည့်ပြီး တည်ပါ
- ဟင်းရည် ပွက်ပွက်ဆူလာပြီဆိုတာနဲ့မျှစ်ချဉ်နံ့မွှေးနေတဲ့ ငါးဟင်းကို စားသုံးနိုင်သလို မီးကိုလျှော့လိုက်ပြီး မီးမျှင်းမျှင်းနဲ့ တနေကုန် တည်ထားပြီး စားပါက ပိုပြီးစားကောင်းတဲ့ ငါးမျှစ်ချဉ်ဟင်းကို အရသာကောင်းကောင်းနဲ့ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment