မြန်မာမုန့်ဆို မပျင်းမရိ လုပ်တတ်ပြီး မက်မက်စက်စက် စားတတ်တဲ့အတွက် ဒီနေ့တော့ မုန့်ဆီကြော်လေး ကြော်စားဖြစ်ပါတယ်။
မုန့်လုပ်ပြီး အမြည်း ၀ိုင်းစားပေးတဲ့ သမီးကတော့ ကောင်းလွန်းလို့ နောက်နေ့ထပ်ကြော်ပေးပါအုံး မေမေတဲ့လေ မိတ်ဆွေတို့လဲ မြန်မာမုန့်လေးတွေ နှစ်သက်လို့ လုပ်စားကြည့်ချင်တယ်ဆိုရင် မာမာပြင်ဆင်ထားတဲ့ မုန့်လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့် - 100 g
- ဆန်မှုန့် - 25 g
- ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- ထန်းလျှက် - 125 g
- ရေ - 140 ml
- မြေပဲလှော် - ထမင်းစားဇွန်း ၂ဇွန်း
- နှမ်းဖြူ - ထမင်းစားဇွန်း ထမင်းစားဇွန်း ၂ဇွန်း
- အုန်းသီးမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
- ဆီ - 200 ml
ပြုလုပ်ပုံ
- အိုးတလုံးထဲမှာ ထန်းလျှက်ခဲနှင့် ရေကိုထည့်ပြီး ကျိုပေးကာ အမျိုက်များ စစ်ထားပါ
- မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
- ဇလုံတလုံးထဲမှာ ကောက်ညှင်းမှုန့် ဆန်မှုန့် မြေပဲ နှမ်း အုန်သီးမှုန့်နှင့် ဆားတို့ကို ထည့်မွှေပေးပါ
- ထန်းလျှက်ရည် အရမ်းမအေးခင် နွေးနွေးလေးအချိန်မှာ မုန့်သားစပ်ထားသော ဇလုံထဲထည့်ပြီး သမအောင် မွှေပေးပါ
- မုန့်သား အရသာ သမသွားတာနဲ့ အောက်ခြေပြားသော ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ မုန့်နှစ်ရည်ကို ယောက်ချိုဇွန်း တဇွန်းမပြည့်တပြည့် ခပ်ပြီး ဆီထဲသို့ ဖြန့်ပြီးလောင်းချပေးပါ
- မုန့်နှစ်ရည် လောင်းချပြီးတာနဲ့ မီးကို အနည်းငယ် လျှော့ပေးပါ
- မုန့်သားအောက်ခြေ ရွှေအိုရောင် သန်းလာပါက နောက်တဖက်ကို လှန်ပေးပြီး ဆက်ကြော်ပေးပါ
- နှစ်ဖက်စလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- မုန့်နှစ်ရည်ကုန်တဲ့အထိ ကြော်ပေးပြီးပါက မုန့်ဆီကြော် ၅ခု ရပါလိမ့်မယ်
- ဆီစစ်သွားတာနဲ့ ကြွတ်ကြွတ်ရွရွ မုန့်ဆီကြော် မွှေးမွှေးလေးကို သုံးဆောင်လို့ရပါပြီ။
No comments:
Post a Comment