Sunday 20 September 2015

ကြာဇံကြော်


ဒီနေ့တော့ အိမ်မှာ ထမင်းမချက်တော့ဘဲ ဆန်ကြာဇံကို ထမင်းလွတ် ကြော်စားကြပါတယ် တရက်တလေတော့ အင်မတန်ကောင်းတဲ့ အစီအစဉ်လေးပေါ့နော်  ဟင်းရံကို တနေ့တမျိုး မထပ်အောင် ချက်ရတဲ့ အိမ်ရှင်မအတွက်  တော်တော်လေး သက်သာတဲ့နေ့ဆိုရင်တော့ အရမ်းကို မှန်မှာပါ။

ဆန်ကြာဇံကို ကြော်တော့မယ်ဆိုရင် မနက်ကြော်ဖို့အတွက် ညထဲက ရေစိမ်ထားတာက ကြော်လို့အကောင်းဆုံးပါ ကြော်ချိန် ၅မိနစ်တောင် မကြာဘဲ အရမ်းကို မြန်ပါတယ် ဒါကြောင့်မို့လို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၃ပွဲစာ)

  1. ဆန်ကြာဇံ - 200 g
  2. ဂေါ်ဖီ - အပြင်မှ အစိမ်းရောင် ဖျော့ဖျော့ပါသောအရွက်ကြီးကြီး ၂ရွက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ဘရော့ကိုလီ - အနေတော် ၂ခက်
  5. တရုတ်နံနံ - အနေတော် ၂ခက်
  6. ၀က်အူချောင်း - ၃ချောင်း
  7. ကြက်ရင်ပုံသား - 100 g
  8. ကြက်ဥ -၂လုံး
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  10. ပဲငံပြာရည် - အကြည် ထမင်းစားဇွန်း ၂ဇွန်း
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း ၇ဇွန်းစွန်း

ပြင်ဆင်ပုံ
  • ဆန်ကြာဇံကို မနက်ကြော်မယ်ဆိုရင် ညထဲက ရေမြုပ်အောင် စိမ်ထားပြီး ဇကာ ခပိစိတ်စိတ်လေး အုပ်ထားပါ
  • ဂေါ်ဖီကို ခပ်ကြမ်းကြမ်းလှီးကာ ရေဆေးပြီး စစ်ထားပါ
  • မုံလာဥနီကို အခွံခွာရေဆေးကာ အချောင်းလေးတွေ ရအောင်လှီးထားပါ
  • ဘရိုကိုလီကို ရေဆေးပြီး အနေတော် အခက်လေးများရအောင် လှီးထားပါ
  • တရုတ်နံနံကို အခက်လိုက်ရေဆေးပြီး တလက်မလောက်အနေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သားကို အတုံးလိုက်ရေဆေးပြီး ပြားပြားရှည်ရှည်လေးတွေ ရအောင်လှီးထားပါ
  • ၀က်အူချောင်းကို ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးကာ ခပ်ပါးပါး စောင်းစောင်းလေးတွေ လှီးထားပါ
  • ရေစိမ်ထားသော ကြာဇံများကို ရေစစ်ကာ ဇလုံကျယ်ကျယ်ထဲထည့်ကာ ငံပြာရည် ၂မျိုးနှင့် သမအောင် နယ်ထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကျယ်ကျယ်ထဲမှာ ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရည်ပျော်ပြီး ညိုလာတဲ့အထိ အရင်ဆုံးကြော်လိုက်ပါ
  • သကြား ညိုလာတာနဲ့ ကြက်သားကို မာလာတဲ့ထိ ထည့်ကြော်ပါ
  • ကြက်သားမာလာတာနဲ့ ကြက်သွန်ဖြူကို နွမ်းလာထိကြော်ပေးပါ
  • ကြက်သွန်ဖြူ နွမ်းတာနဲ့ တရုတ်နံနံမှလွဲပြီး အသီးအရွက်နှင့် ဆားထည့်ပြီး တမိနစ်သာသာလောက် မွှေပေးပါ
  • ပြီးတာနဲ့ ကြာဇံကို ထည့်မွှေပါ
  • ကြာဇံနှင့်အသီးအရွက်များ လုံးမိသွားတာနဲ့ ၀က်အူချောင်းထည့်မွှေပါ
  • ပြီးတာနဲ့ ကြာဇံကြော်ကို ဘေးခနတွန်းထားပြီး ကြက်ဥကို အလုံးလိုက်ဖောက်ထည့်ကာ အလယ်မှ အနှစ်ကို ဖောက်ပြီးဖြန့်ပေးပါ
  • ကြက်ဥကြော် ကျက်တာနဲ့ ကြာဇံကြော်ထဲ ရောမွှေကာ တရုတ်နံနံ ထည့်မွှေပြီး အရသာမြည်းပြီး လိုသလိုပြင်ကာ စားသုံးနိုင်ပါပြီ။

2 comments: