Thursday 17 September 2015

ဂေါ်ရခါးသီး ကြက်ရိုးဟင်း


အခုရက်ထဲ ချက်ဖြစ်တဲ့ ဂေါ်ရခါးသီးကြက်ရိုးဟင်း သောက်ဆမ်းချက်လေးပါ  ထမင်းမိန်စေတဲ့ ဟင်းလေးမို့စားပြီးရင်း ထပ်စားစေချင်တဲ့ အရည်သောက်တမ်း ဟင်းလေးပါ။

ဗူးသီးမရှိလို့ ဂေါ်ရခါးသီးနဲ့ ချက်လိုက်ပေမဲ့ ဗူးသီးလိုဘဲ စားလို့ ကောင်းတဲ့ ဟင်းလေးမို့ စားချင်စိတ်ပေါ်တဲ့အခါ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရိုး - 150 g
  • ဂေါ်ရခါးသီး - ခပ်ကြီးကြီး တလုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ (တ၀က်ကို အသားအရသာနယ်ရန်)
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို အသားအရသာနယ်ရန်)
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို အသားအရသာနယ်ရန်)
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တဆစ်ရဲ့တ၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  • ကြက်ရိုးများကို အနေတော်တုံးကာ အရင်ဆုံး ရေဆေးပြီး ဆား ငံပြာရည် နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ထားပေးပါ။
  • ဂေါ်ရခါးသီးကို အခွံခွာပြီး အရှည်လိုက် ၆စိတ်စိတ်ကာ အနေတော် အတုံးလေးတွေလှီးပြီး ရေဆေးထားပါ။
  • ကြက်သွန်အဖြူ အနီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ရောထောင်းပေးပါ။
  • အားလုံး အဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးတလုံးကို အပူပေးပါ။
  • အိုးပူလာတာနဲ့ ဆီထည့်ပြီး ငရုတ်သီးထောင်းကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ။
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ကြက်ရိုးကို ထည့်ဆီသတ်ပါ။
  • ကြက်ရိုး အရောင်ပြောင်းလာပြီး မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းကာနီးထိ တည်ပေးပါ။
  • ရေခမ်းကာနီးတာနဲ့ ဂေါ်ရခါးသီးကိုထည့်ပြီး ရေ တရုတ်ဟင်းရည်သောက် ပန်းကန်တလုံးစာလောက်ထည့်ပြီး ဆူအောင်တည်ပါ။
  • ဂေါ်ရခါးသီး နူးလာတာနဲ့ အရည်အရသာအတွက် ဆား ငံပြာရည် အရသာမှုန့်တို့ထည့်ကာ လိုသလိုပြင်ပေးပါ။
  • ဂေါ်ရခါးသီးလဲနူး ဟင်းရည်အရသာ အနေတော်ဖြစ်ပြီဆို သုံးဆောင်ရန် အသင့်ရပါပြီ။

No comments:

Post a Comment