Tuesday 15 September 2015

ပင်လယ်စာအစုံ ဆီပြန်ဟင်း


ပင်လယ်စာဆီပြန်ဟင်းလေး ချက်ဖြစ်လို့ပါ မာမာဟင်းချက်ရင် ဟင်းချက်အမွှေးအကြိုင် သိပ်ထူးထူးဆန်းဆန်းတွေ မထည့်ဖြစ်ပေမဲ့ မြန်မာ့ဟင်းခတ် အမွှေးအကြိုင်လေးတော့ ထည့်ချက်ဖြစ်ပါတယ်။

ဒီနေ့လဲ ပင်လယ်စာ အစုံကို မြန်မာ့ဟင်းပွဲတွေမှာ ထည့်လေ့ထည့်ထရှိတဲ့ မကျီးသီးမှည့် နံနံပင် စပါးလင် ငရုတ်သီးမှုန့် ချင်း ကြက်သွန်အဖြူ အနီတို့နဲ့ ချက်ထားတဲ့ ဆီပြန်ဟင်းလေးပါ။

ပါဝင်ပစ္စည်းများ

  1. ပင်လယ်စာအစုံ - 300 g
  2. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  6. ချင်း - လက်တစ်ဆစ်ရဲ့ တစ်ဝက်
  7. နံနံပင် - ခပ်ကြီးကြီး ၃ပင်
  8. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  9. ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံ တစ်ပုံ
  12. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ချက်ပြုပ်ပုံ
  • ပင်လယ်စာအစုံထဲမှ ဂုန်းသားလေးတွေကို အစာအိတ်များ ဖယ်ပေးပါ
  • ပုဇွန် ငါး ကင်းမွန် ဂုန်းအသားများကို သန့်စင်ပြီး ဆား အရသာမှုန့် နနွင်းမှုန့် ငံပြာရည်တို့ထည့်ပြီး နယ်ထားပေးပါ
  • ချင်း ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့်တို့ကို ရောပြီးထောင်းထားပေးပါ
  • နံနံပင်ကို အရင်ဆုံး ရေစင်အောင်ဆေးပြီး လက်တဆစ်ခန့်အနေလောက် ဖြတ်ထားပေးပါ
  • မကျည်းသီးမှည့်ကို ရေတထပ်ဆေးပေးပြီး ရေစိမ်ထားပေးပါ
  • အားလုံး အဆင်သင့်ဖြစ်တာနဲ့ ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်အနှစ်များကို ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ အရသာနယ်ထားသော ပင်လယ်စာကိုထည့်ပြီး မာလာတဲ့ထိ ဆီသတ်ပေးပါ
  • ပင်လယ်စာများ အရောင်ပြောင်းပြီး မာလာတာနဲ့မကျည်းသီးမှည့်ကို နယ်ပြီး အရည်ကို ပင်လာစာများ မြုပ်အောင်ထည့်ပေးပါ
  • ရေခမ်းပြီး ဆီပြန်ကာနီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလိုပြင်ကာ နံနံပင်အုပ်ပြီး အရသာရှိလွန်းတဲ့ ပင်လယ်စာဆီပြန် မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment