Thursday 10 September 2015

လက်ပံခေါင်း ဆီပြန်ဟင်း


ဒီအချိန်ဆို လက်ပံတွေ ပွင့်ပြီမို့ လက်ပံပွင့်ကောက်ရင်း သီချင်းလေး တစ်ကြော်ကြော် အော်ဆိုခဲ့ကြတဲ့ ငယ်ငယ်က ဘ၀လေးကိုလဲ လွမ်းမိပါတယ် လက်ပံပွင့်ချိန် ခွေးရူးချိန်ဆိုလို့ အိမ်အပြင်ထွက်တိုင်း ခွေးလေးတွေကို လိုက်ကြည့်ရတာလဲ အမောပါဘဲ။

သူငယ်ချင်းတစ်သိုက် လမ်းထိပ်လက်ပံပင်မှာ သူရူးကိုယ်ရူး သီချင်းလေးတွေ အော်အော်မြူးခဲ့ရတာတွေက အတိတ်မှာ ကျန်ခဲ့ပေမဲ့ အခုလို လက်ပံပေါ်ချိန်တိုင်း ငယ်ငယ်က သူငယ်ချင်းလေးတွေကိုတော့ လွမ်းမိသားနော်။

ဒီနေ့တော့ လက်ပံခေါင်းကို အချဉ်ဆီပြန်လေး ချက်ပါမယ် အသားမစားတဲ့ သတ်သတ်လွတ် စားသူတွေ အတွက်တော့ သူတစ်မျိုးထဲနဲ့ ပြီးပြည့်စုံတဲ့ ဟင်းလေးပါ။

ပါဝင်ပစ္စည်းများ

  1. အခြောက်လှမ်းထားသော လက်ပံခေါင်း - အခုနှစ်ဆယ်ခန့်
  2. ခရမ်းချဉ်သီး - ခပ်ကြီးကြီး နှစ်လုံး
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ချင်း - အနည်းငယ်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • လက်ပံခေါင်းကို မချက်မှီ တစ်နာရီလောက်ထဲက ကြိုပြီးရေစိမ်ထားပါ
  • ကြက်သွန်အဖြူ  အနီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းထားပါ
  • ရေစိမ်ထားသော လက်ပံခေါင်းများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ  
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ငရုတ်သီးထောင်များထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ ခရမ်းချဉ်သီများ ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီး အိပြီးပျော့လာတာနဲ့ လက်ပံခေါင်း ဆားနှင့် အရသာမှုန့်တို့ထည့်မွှေပေးပါ
  • အရသာ သမသွားတာနဲ့ရေမြုပ်အောင်ထည့်ပြီး လက်ပံခေါင်း နူးတဲ့အထိ တည်ပေးပါ
  •  လက်ပံခေါင်းနူးပြီး ဆီပြန်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။                                    


ရှမ်းခေါက်ဆွဲနှင့်တွဲဖက်ပြီး စားရန်ပြင်ထားသော လက်ပံခေါင်းဟင်း

6 comments:

  1. လက်ပံပွင့်ကောက်အရောက်လာမယ်... ဆိုတဲ့ သီချင်းကိုကြားဘူးပေမယ့်
    တစ်ကြိမ်တစ်ခါမှ မစားခဲ့သေးဘူး မာမာရေ... နည်းလေးတော့ မ သွားပြီ ကျေးဇူး .... :)

    ReplyDelete
    Replies
    1. ကြုံတဲ့အခါ ချက်စားကြည့်နော် တီတင့်ရေ

      Delete
  2. လက်ပံခေါင်းကို တစ်ခါမှ မစားဖူးဘူး အစ်မရေ ....
    ဘယ်လို အရသာ ရှိလဲ မသိဘူးနော် .... ^___^

    ReplyDelete
    Replies
    1. ကြက်သား ၀က်သားလိုဘဲ ကောင်းတယ်နော်

      Delete
  3. မစားဖူးသေးဘူး မမမာရေ ရှိလဲမရှိလို့လေ...

    ReplyDelete
    Replies
    1. စားလို့ကောင်းတယ် စံပယ်ချိုရေ

      Delete