Sunday 8 August 2021

ပဲကြာဇံဟင်းချို စိမ့်စိမ့်လေး



ဒီနေ့တော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစားအပြီးမှာတော့ ငါးငပိချက်လေး တစ်မယ်ချက်ပါတယ် ဒီတော့လဲ ငါးငပိချက်လေးနဲ့ လိုက်ဖက်မဲ့ အရံဟင်းတစ်မယ်ကို စဉ်းစားရပြန်ပါတယ်။

ငယ်ငယ်က အိမ်မှာ ကြီးကြီးချက်ချက်ပေးတဲ့ ပဲကြာဇံ ပဲဟင်းချိုနဲ့ လိုက်ဖက်တဲ့ ငါးငပိချက်လေးက စိတ်ထဲမှာ ပေါ်လာခဲ့လေတော့ ပဲကြာဇံ အရည်သောက်ဆမ်းဟင်းလေးဘဲ ချက်ဖြစ်သွားပါတော့တယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲကြာဇံဟင်းချို ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲဝါလေး - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  2. ဆန်ကြာဆန် - လက်တစ်ဆုတ်စာ
  3. ကြက်သွန်နီ - အလုံးခပ်သေးသေး ရှစ်လုံးခန့်
  4. ကြက်သွန်ဖြူ - အမွှာ ကြီးကြီး ရှစ်မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီချက်ချက်ရန်ဆီ - ထမင်းစားဇွန်း ၁၀ဇွန်းသာသာ (ဟင်းအိုးထဲ ထမင်းစားဇွန်း ၃ဇွန်းစာထည့်ပြီး ပိုတာကို ဖယ်ထားပါ)
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီချက်ချက်ရန်)
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပဲပြုပ်ရန်)
  9. ချင်း - လက်တစ်ဆစ်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ပဲဝါလေးကို ရေဆေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က်နှင့် ရေမြုပ်အောင်ထဲ့ကာ ပဲနူးအောင် ပြုပ်ပေးပါ
  • ပဲပြုပ်နေစဉ် ပဲရေများ ဝေကျတတ်တဲ့အတွက် အိုးပေါ်မှာ သစ်သားယောင်းမကို ကန့်လန့်ဖြတ် တင်ပေးထားပါ
  • ပဲဝါလေးက အနူးမြန်စေတဲ့အတွက် စပြီးပြုပ်တဲ့ရေနဲ့ဘဲ ပဲကိုနူးစေပါတယ်
  • ဆန်ကြာဇံကို ရေမြုပ်အောင်ထဲ့ပြီး စိမ်ထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင်  ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာကာ  အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်ဖြူ ငါးမွှာကို ဆီချက်ချက်ရန် အခွံခွာာ  ရေဆေးပြီး မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ သုံးမွှာကို ဟင်းရည်ထဲခပ်ရန် အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်ဖြူများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဖယ်ထားပါ
  • ပဲနူးအောင် ပြုပ်ထားသော ပဲအိုးထဲသို့ ဟင်းရည်သောက်ပန်းကန် ၂လုံးစာ ရေထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပေးပြီး တည်ပေးပါ
  • ပဲရည်ဆူလာပါက အရသာမှုန့် ဆီချက်ချက်ပြီးသား ထမင်းစားဇွန်း သုံးဇွန်းနှင့်ဆားတို့ ကိုထည့်ပြီး ကြက်သွန်များ နူးအောင်တည်ပေးပါ
  • ကြက်သွန်များ နူး လာပါက ဆန်ကြာဇံကို ရေစစ်ပြီး ဟင်းရည်အိုးထဲကို ထည့်ပေးပါ
  • ကြာဆန်ထဲ့ပြီး ၂မိနစ်လောက် ဟင်းရည်ဆူပြီးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  •  အရသာ မြည်းပြီးတာနဲ့ မီးပိတ်ပေးကာ ပဲကြာဇံဟင်ဟးချို ပူပူနွေးနွေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment