Sunday 29 August 2021

ပဲလွန်းနှပ်

 
ဒီနေ့တော့ အရင်ရက်က ပြုပ်ထားတဲ့ ပဲလွန်းပြုပ်ကို ချင်း ကြက်သွန်ဖြူ ကြက်သွန်နီလေးတွေကို ဆီသတ်ကာ ပဲနှပ်လေး နှပ်ဖြစ်ပါတယ်။

ဒီအတိုင်းဘဲစားစား ထမင်းပူပူလေးနဲ့ဘဲ စားစား ငါးပိရည်ကျိုလေးနဲ့ နယ်ဖတ်ပြီး စားရတာ အရမ်းကို စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲလွန်းနှပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါဝင်ပစ္စည်းများ

  1. ပဲလွန်းပြုပ်ပြီးသား - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ချင်း - ခပ်ပါးပါး ငါးပြား
  5. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပြီး အမြှောင်း ခပ်ရှည်ရှည်လေးတွေ လှီးပေးပါ
  • ပြုပ်ပြီးသား ပဲနှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ကို ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ချင်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ထည့်ကြော်ပေးပါ
  • ချင်းနှင့် ကြက်သွန်များ နွမ်းလာတော့မှ ပဲပြုပ်များ ဆားနှင့် အရသာမှုန့်တို့ ထည့်ကြော်ပေးပါ
  • ပဲနှပ်နံ့လေး သင်းလာတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပေးကာ ပဲနှပ်စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment