Tuesday 24 August 2021

မုန့်ကြာစေ့






ကိုဗစ်ကာလ အိမ်ထဲက အိမ်အပြင်လဲ မထွက်ရတော့ စိတ်ထဲမှာ စားချင်တာလေးတွေ လုပ်စားဖြစ်တဲ့အထဲက ဒီနေ့တော့ မုန့်ကြာစေ့လေးတွေ လုပ်စားဖြစ်ပါတယ်။

မုန့်ပိန္နဲစေ့နဲ့ မုန့်ကြာစေ့ မုန့်သားစပ်ပုံ တူပေမဲ့ မုန့်လုံးပုံလေး နည်းနည်းလေး ကွာခြားသွားတာပါဘဲ မုန့်ကြာစေ့ကို ခပ်သေးသေးလေးတွေ လုံးပေးပြီး မုန့်ပိန္နဲစေ့ကိုတော့ ပိန္နဲစေ့ပုံစံ ခပ်ရှည်ရှည်လေးတွေ လုံးပေးတဲ့ ပုံစံလေးဘဲ ကွာခြားသွားပါတယ်။

မုန့်သားစပ်တာကတော့ မုန့်လုံးရေပေါ်အတွက် စပ်တဲ့နည်းအတိုင်းပါဘဲ ကောက်ညှင်းမှုန့် သုံးဆ ဆန်မှုန့်တစ်ဆ ရေနဲ့ရောနယ်ပြီး မုန့်သားစပ်လိုက်ရုံပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်၀က်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  4. ထန်းလျှက်ခဲ - 150 g (မုန့်လုပ်ထန်းလျှက်ခဲကို သုံးပါက အရောင်ပိုလှပါတယ်)
  5. အုန်းသီးဖတ် -  မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်နှင့်ဆန်မှုန့်တို့ကိုထည့်ပြီး ရေကိုနည်းနည်းချင်းထည့်ကာ မုန့်သား အိလာအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန်နှင့်ဆန်မှုန့်တို့အပေါ်မူတည်ပြီး မုန့်သားအပျော့အမာ ကွဲသွားတတ်တာမို့ ရေကိုနည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သားနယ်ပြီးပါက အ၀တ်ရေစို သန့်သန့်ကိုရေညှစ်ပြီး မုန့်သားအပေါ်မှ ာအုပ်ပေးပြီး နာရီ၀က်လောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ထားချိန် နာရီ၀က်ပြည့်ပါက မုန့်သားကို နည်းနည်းချင်းယူပြီး ပိန္နဲစေ့ ပုံစံလေးတွေ လုံးပေးပြီး မုန့်သားအားလုံး ကုန်တဲ့အထိ လုံးပေးပါ
  • မုန့်သားပြုပ်ပြီး ဆယ်ထည့်ရန် ရေအေးသန့်သန့် ဇလုံတစ်လုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ရေများများထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ လုံးထားသော မုန့်လုံးလေးများကို တလုံးချင်း ရေနွေးအိုးထဲကို ထည့်ပေးပါ
  • မုန့်လုံးလေးတွေ ထည့်နေတုံး မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးများကို တမိနစ်လောက်ထားပြီး ဆယ်ပေးပါ
  • မုန့်လုံးလေးများ ဆယ်ပြီးတာနဲ့အဆင်သင့် ပြင်ထားသော ရေအေးဇလုံထဲကို ထည့်ပေးပါ
  • မုန့်သားအားလုံး ပြုပ်ပြီးတာနဲ့ရေအေးစိမ်ထားသော မုန့်လုံးလေးများကို ရေထဲကဆယ်ပြီး ရေစစ်ပေးပါ
ထန်းလျှက်ရည်ကျိုရန်
  • ဇောက်နက်သော အနေတော် အိုးတလုံးထဲမှာ ထန်းလျှက်ခဲနှင့် ရေထမင်းပေါင်းအိုး ဆန်ချင်ဗူးနှစ်ဗူးသာသာလောက်ကို ထည့်ပြီးကျိုပေးပါ
  • ထန်းလျှက်ရည် မပျစ်မကျဲ အနေအထားလောက် ရအောင်ကျိုလိုက်ပြီး ပိတ်ပါးစခံကာ အမှိုက်များကို စစ်ပေးပါ
မုန့်ပွဲပြင်ရန်
  1. ရေစစ်ထားသော မုန့်ကြာစေ့ အလုံးလေးများကို ထန်းလျှက်ရည် အိုးထဲမှာ ထည့်ပေးပြီး ထန်းလျှက်ရည် စိမ်ထားပေးပါ
  2. အုန်းသီးမှုန့်များကို အဆင်သင့် ပြင်ထားပါ
  3. မုန့်တစ်ပွဲစာအတွက် ပန်းကန်လုံးထဲမှာ မုန့်ကြာစေ့ ထန်းလျှက်ရည်တို့ကို အနေတော် ထည့်ပေးပြီး အုန်းသီးခြစ်ပြီးသားကို မိမိနှစ်သက်သလောက် ဖြူးပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment