Wednesday 4 August 2021

ခရမ်းချဉ်သီး ပန်ထွေဖျော်

 




မနေ့က ကော်ပြန့်ကြော်ရယ် ငါးအသားလုံးလေးတွေရယ် ကြော်ဖြစ်ပါတယ် အဲဒီအကြော်လေးတွေနဲ့ လိုက်ဖက်မဲ့ အချဉ်ကို ဘယ်လိုဖျော်ရင် ကောင်းမလဲလို့ စဉ်းစားရင်းက ခရမ်းချဉ်သီးလေးတွေ မီးဖုတ်ကာ ပန်ထွေလေးဘဲ ဖျော်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ဖျော်ထားတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ခရမ်းချဉ်သီး - အလုံးခပ်ကြီးကြီး သုံးလုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  3. ကြက်သွန်နီ - အလုံးသေး လေးလုံး ( Onion shallot) ကို သုံးပါ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငါးငံပြာရည် - ထမင်းစားဇွန်းသုံးဇွန်း
  6. နံနံပင် - နှစ်သက်သလောက်
  7. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  8. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းချဉ်သီးများကို အပြင်ခွံများ ကျွမ်းတဲ့အထိ ဖုတ်ပေးပါ
  • အပြင်အခွံများ ကျွမ်းလာကာ ကွဲအက်လာပြီ ဆိုတာနဲ့ မီးဖိုထဲမှ ဆယ်ပေးပါ
  • ပြီးတာနဲ့ ရေဆေးပြီး အပြင်ခွံများ ခွာပေးထားပါ 
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ပါးပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ဇလုံတစ်လုံးထဲမှာ ခရမ်းချဉ်သီးများကို ကျေသွားအောင် ချေပေးပါ
  • ခရမ်းချဉ်သီး ချေထားတဲ့ ပန်းကန်ထဲမှာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ငံပြာရည် အချိုမှုန့် နံနံပင်နှင့် ဆီတို့ထည့်ပြီး မွှေပေးပါ
  • အားလုံးသမအောင် မွှေပေးပြီးတာနဲ့ ခရမ်းချဉ်သီး ချဉ်ငံစပ် ပန်ထွေဖျော်ကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment