Thursday 12 August 2021

ကြက်သွန်ဖြူ ဆီချက်








မာမာတို့အိမ်မှာ ကြက်သွန်ဖြူ ဆီချက်နဲ့ ကြက်သွန်နီဆီချက် လေးတွေကို တစ်ပါတ်တစ်ခါ ပုံမှန်ချက်ရတတ်ပါတယ် ချက်နေကျတဲ့ သူတွေအတွက် လွယ်ပေမဲ့ ချက်မနေမကျတဲ့ သူတွေအတွက်ကတော့  လွယ်မယောင်နဲ့ ခက်တတ်ကြပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သွန်ဖြူဆီချက် ချက်နည်းလေး မေးထားသူတွေအတွက် ဆီချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀
  3. ဆီ - လီတာဝက်
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပါ
  • ပြီးတာနဲ့ ပုံပါအတိုင်းရအောင် မထူမပါးလေးတွေ လှီးပေးပါ
  • အိုးအသားထူသော ဒယ်အိုးကို မီးအပူပေးပါ
  • အိုးပူလာတာနဲ့ ဆီနှင့် နနွင်းမှုန့်ကို ထည့်ပေးပါ
  • ဆီအငွေ့ တက်လာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ လှီးထားတဲ့  ကြက်သွန်ဖြူများကို  ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေမွှေပေးပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာပြီး အနည်းငယ် အရောင်ပြောင်းလာပါက မီးပိတ်ပေးပါ
  • မီးဖိုမှာ လက်ကျန် အပူရှိန်နှင့် ကြက်သွန်ဖြူများကို ကြွတ်နေအောင် ဆက်ကြော်ပေးပါ
  • ဒယ်အိုးအသား ပါးပါက ကြက်သွန်ဖြူများ ခနလေးနှင့် ကျွမ်းသွားတတ်တဲ့အတွက် အိုးအသား ထူတာကို  ရွေးသုံးပါ
  • ကြက်သွန်ဖြူ ဆီချက်က ကျွမ်းသွားတဲ့အခါ ခါးသွားတတ်တဲ့အတွက်လဲ သတိထားပြီး မွှေမွှေပေးပါ
  • ကြက်သွန်ဖြူ ဆီချက်လေး မွှေးပြီးကြွတ်လာတာနဲ့ ကြက်သွန်ဖြူ  ဆီချက်အဖတ်များကို ဆယ်ပေးပြီး ဇကာထဲထည့်ကာ ဆီများစစ်ပေးပြီးအအေးခံထားပါ
  • ဆီချက်များကိုလဲ မီးဖိုပေါ်မှ ဖယ်ပေးကာ အိုးထဲမွာဘဲ အေအးခံထားပါ
  • ဆီချက်ဆီရော ဆီချက်ဖတ်များပါ နှစ်မျိုးစလုံး အေးသွားပါက ပန်းကန်လုံး တစ်ခုထဲမှာ ရောပေးပါ
  • နှစ်မျိုးလုံး အေးသွားမှ ရောပေးပါက ကြက်သွန်ကြော်လေးများ ကြွတ်နေကာ လနှင့်ချီပြီး အထားခံပါတယ်
  • ကြက်သွန်ဖြူ ဆီချက်ကို ခေါက်ဆွဲသုပ် ထမင်းသုပ် ကြာဇံသုပ် အသုပ်စုံ ဆန်ပြုပ် ခေါက်ဆွဲပြုပ် အစရှိသည်တို့နှင့်အတူ တစ်ခြားအစာများနှင့်လဲ မိမိနှစ်သက်သလို တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။

No comments:

Post a Comment